ကင်မရာ ၄ လုံး သုံးထားပါတယ်
Nyein Min Wai

ကမ္ဘာကျော် တရုတ်လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ဟာ နောက်ဆုံးပေါ် flagship processsor သုံးထားတဲ့ စမတ်ဖုန်းသစ်တစ်မျိုးကို ဈေးကွက်မှာ ပထမဆုံးအကြိမ် မိတ်ဆက်လာပြီ ဖြစ်ပါတယ်။

၂၀၁၉ နှစ်ဆန်းပိုင်းကစပြီး ByteDance ဟာ ကိုယ်ပိုင် စမတ်ဖုန်းအမှတ်တံဆိပ်နဲ့ ပွဲထုတ်တော့မယ်လို့ သတင်းထွက်ခဲ့တာပါ။ ByteDance ဟာ တရုတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Smartisan ဆီက မူပိုင်ခွင့်နဲ့ ဝန်ထမ်းတွေ ဝယ်ယူပြီးတဲ့နောက် ဒီသတင်းက ပိုပြီး ကျယ်လောင်လာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Smartisan အမှတ်တံဆိပ်နာမည်နဲ့ Jianguo Pro 3 (မန်ဒရင်းစကားအရ Jianguo ကို Nut လို့လည်း ဆိုတာကြောင့် Nut Pro 3 လို့လည်း ခေါ်နိုင်) ဖုန်းသစ်ကို တရားဝင်မိတ်ဆက်လိုက်တာပါ။

Photo: dotekomanie

ကမ္ဘာပေါ်မှာ သုံးစွဲသူ သန်း ၁၅၀၀ ကျော် ရှိထားတဲ့ TikTok ရဲ့ ပင်ရင်းကုမ္ပဏီ ByteDance က ထုတ်လိုက်တဲ့ ဖုန်းဖြစ်လို့ TikTok အပါအဝင် ByteDance ကပိုင်တဲ့ apps တွေ တစ်ခါတည်း pre-install ထည့်ထားပါတယ်။ Jianguo Pro 3 မှာ TikTok ရဲ့တရုတ်ဗားရှင်း Douyin ပါပြီး screen ကို swipe up လုပ်ပြီး ပွတ်လိုက်တာနဲ့ ဖွင့်လို့ရမယ်လို့ Engadget က ဆိုပါတယ်။

Jianguo Pro 3 ဟာ ဒီဇိုင်းပိုင်း ထူးခြားတဲ့ ဖုန်းတစ်လုံးအဖြစ် မြင်ရမှာ ဖြစ်ပြီး ခလုတ်တွေဟာ iPhone 5s ခလုတ်တွေလိုမျိုး ပါဝါနဲ့ အသုံးအတိုး/အလျှော့တွေဟာ သေသပ်တဲ့အဝိုင်းခလုတ်ဒီဇိုင်းနဲ့လာပါတယ်။ ကျောဘက် AI Quad ကင်မရာဟာ ထောင်လိုက်ထောင့်မှန်စတုဂံပုံစံနဲ့လာပြီး သတ္ထုဘောင်ကွပ်ထားတဲ့ Glass body သုံးထားပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၃၉ လက်မဟာ waterdrop notch ငယ်တစ်ခုပါတဲ့ FHD+ ရုပ်ထွက်ပါ AMOLED display ပါရှိပါတယ်။ ဘက်ထရီဟာ 4000 mAh ဖြစ်ပြီး ဆော့ဖ်ဝဲလ်ဟာ အန်းဒရိုက်ကို အခြေခံထားတဲ့ Smartisan OS 7.0 ဖြစ်ပါတယ်။ Jianguo Pro 3 ဟာ Android ဖုန်းတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Snapdragon 855 Plus SoC သုံးထားပြီး RAM 8GB နဲ့ 12GB နှစ်မျိုး လာပါတယ်။ storage ကိုလည်း 128GB နဲ့ 256GB ဆိုပြီး ထွက်ထားပါတယ်။

ကင်မရာဟာ Jianguo Pro 3 ရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ specs တွေ သုံးထားပါတယ်။ ကျောဘက် ထောင်လိုက် ထောင့်မှန်စတုရန်းကွက်ကင်မရာဒီဇိုင်းထဲမှာ 48MP main sensor ၊ 13MP wide-angle ကင်မရာ ၊ 8MP telephoto နဲ့ 5MP Macro lens ဆိုပြီး ကင်မရာ ၄ လုံး သုံးထားပါတယ်။ ခေတ်ပေါ် Quad Lens ဖုန်းတွေထဲမှာ Jianguo Pro 3 ဟာ ပုခုံးချင်း ယှဉ်ရဲမယ်လို့ ယူဆနိုင်ပါတယ်။

Photo: thenextweb


ရှေ့ဘက်မှာ 20MP selfie ကင်မရာပါပြီး in-display လက်ဗွေနည်းပညာ သုံးထားပါတယ်။ Jianguo Pro 3 ဟာ အနက် ၊ အဖြူနဲ့အစိမ်း ကာလာ ၃ ရောင်နဲ့ထွက်ထားပါတယ်။ ကင်မရာဒီဇိုင်းမှာတော့ အဖြူရောင်ဟာ တစ်ခြားကာလာ ၂ ရောင်သုံးထားတဲ့ မော်ဒယ်တွေနဲ့ ကွဲနေပါတယ်။ တရုတ်ဈေးကွက်မှာ Jianguo Pro 3 ကို JD.com ၊ Tmall နဲ့ Smartisan တရားဝင်ဝက်ဘ်ဆိုက်မှာ ရောင်းချသွားမှာပါ။

ဈေးနှုန်းကိုတော့ RAM 8GB/128GB storage ကို ၂၈၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၂ သောင်းကျော်) ဈေးနဲ့ရောင်းချမှာ ဖြစ်ပြီး RAM 12GB ဗားရှင်းရဲ့ ဈေးတော့ မသိရသေးပါဘူး။


က္က