one-stop ဝန်ဆောင်မှုတွေ ပေးနေပါတယ်
Nyein Min Wai

စင်ကာပူအခြေစိုက် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Grab ဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရင်းနှီးမြှပ်နှံမှု တိုးချဲ့လာနေပါတယ်။


Grab ဟာ အင်ဒိုနီးရှားမှာ ဒေါ်လာ ၂ ဘီလျံတန် ရင်းနှီးမြှပ်နံှမှု လုပ်ဆောင်သွားမယ်လို့ကြေညာထားတာပါ။ Reuters သတင်းဌာနနဲ့Grab ဥက္ကဌ မင်မားတို့တွေ့ဆုံခန်းတစ်ခုမှာ ဗီယက်နမ်ဈေးကွက်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြောင်းနဲ့အင်ဒိုနီးရှားနဲ့သွင်ပြင်လက္ခဏာချင်း အလွန်တူကြောင်း ပြောကြားခဲ့ပါတယ်။

Photo: ETNews


အာရှမှာ စီးပွားရေးတိုးတက်မှု အမြန်ဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဗီယက်နမ်ဟာ Grab ရဲ့ ထိပ်တန်းဈေးကွက်ထဲမှာ အဆင့် ၃ သို့မဟုတ် ၄ နေရာက ရှိနေတယ်လို့ဥက္ကဌ မင်မားက ဆိုပါတယ်။ မင်မားဟာ ပြီးခဲ့တဲ့ ၃ နှစ်က Grab မှာ အဓိက လာရောက်ရင်းနှီးမြှပ်နှံသူတွေထဲက တစ်ဦးဖြစ်တဲ့ SoftBank ကနေတစ်ဆင့် Grab လုပ်ငန်းစုဆီ ရောက်လာသူ ဖြစ်ပါတယ်။

" ကျွန်တော်တို့ဗီယက်နမ် စီးပွားရေးတွေ ဖွံ့ဖြိုးရေးမှာ ဒေါ်လာသန်းရာပေါင်းများစွာအထိ ရင်းနှီးမြှပ်နှံသွားဖို့မျှော်လင့်ပါတယ်။" လို့မင်မားက ပြောခဲ့ပြီး ရင်းနှီးမြှပ်နှံမယ့် အချက်လက်နဲ့ပမာဏ အတိအကျ ပြောကြားခြင်း မရှိသေးပါဘူး။ ဗီယက်နမ်မှာ ရှိတဲ့ Grab ဝန်ဆောင်မှု သုံးသူတွေဟာ အလယ်အလတ်တန်းလွှာနဲ့လူငယ်တွေ ဖြစ်ပြီး Grab ဝန်ဆောင်မှုတွေကို app တွေ ဝက်ဘ်ဆိုက်တွေ သုံးနေကြတာပါ။

Grab ဟာ ဒီဂျစ်တယ် Wallet တစ်ခု လုပ်ဆောင်ဖို့ဗီယက်နမ်ငွေကြေးနည်းပညာလုပ်ငန်းစု ဖြစ်တဲ့ Moca နဲ့ပြီးခဲ့တဲ့နှစ်ထဲမှာ ပူးပေါင်းခဲ့သလို အရှေ့တောင်အာရှတစ်ခွင်မှ အသေးစား ချေးငွေလုပ်ငန်းရှင်တွေကို ငွေချေးဖို့အတွက် ဂျပန်ခရစ်ဒစ်ကတ်ကုမ္ပဏီ Credit Saison နဲ့လည်း Joint Venture အဖြစ် ပူးပေါင်းခဲ့ပါတယ်။

Photo: CNBC

Grab နဲ့အင်ဒိုနီးရှားအခြေစိုက် ပြိုင်ဘက်ကုမ္ပဏီ Go-Jek တို့ဟာ မိုဘိုင်း app သုံး ကားအငှားဝန်ဆောင်မှု လုပ်ငန်းကနေ ငွေပေးငွေချေမှု ၊ အစားအသောက် မှာယူမှု ၊ ပစ္စည်းပို့ဆောင်ရေးနဲ့ဟိုတယ်အခန်းငှားခြင်းအထိပါ ဝန်ဆောင်မှုမျိုးစုံကို တစ်နေရာတည်းမှာ ရအောင် ပေးလာပါတယ်။ အရှေ့တောင်အာရှရဲ့ အကြီးဆုံး start-up ကြီးဖြစ်တဲ့ Grab ဟာ ကုမ္ပဏီတန်ဖိုး ခန့်မှန်းခြေ ဒေါ်လာ ၁၄ ဘီလျံ တန် လုပ်ငန်းတစ်ခု ဖြစ်ပြီး ငွေပေးငွေချေမှုဆိုင်ရာ စီးပွားရေးဘက်ကိုလည်း အားစိုက်လာပါတယ်။

Grab ဟာ စင်ကာပူ ၊ မလေးရှား ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ ထိုင်းနဲ့ဗီယက်နမ် စတဲ့ နိုင်ငံ ၈ နိုင်ငံမှာ ဝန်ဆောင်မှုပေးနေပြီး Grab app ကို မိုဘိုင်းထုတ်ကုန် သန်း ၁၆၀ ကျော်မှာ ထည့်သွင်းနေကြပါတယ်။


က္က