မြန်မာ ၊ ဘင်္ဂလားဒေ့ရှ် ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့မှ နည်းပညာလုပ်ငန်းများမှာ ရင်းနှီးမြှပ်နှံမှုလုပ်နေတဲ့ BOD Tech Ventures ဟာ ပြည်တွင်းမှ ဘဏ္ဍာရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ ThitsaWorks မှာ ရင်းနှီးမြှပ်နှံမှု စတင်လိုက်တယ်လို့ ဆိုပါတယ်။
BOD Tech Ventures ရဲ့ ရင်းနှီးမြှပ်နှံမှုဟာ ကုမ္ပဏီရဲ့ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပြည်သူအားလုံး ပါဝင်တဲ့ ငွေကြေးစနစ်ဖြစ်ပေါ်လာအောင် အကောင်အထည်ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်စေတယ်လို့ ThitsaWorks Solutions မှ သတင်းထုတ်ပြန်ပါတယ်။
Photo: KR-asia
BOD Tech Ventures ရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့အတူ ThitsaWork ဟာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ အလှမ်းဝေးနေတဲ့ ပြည်တွင်းမှ မိသားစုဝင်သန်းပေါင်းများစွာကို ချေးငွေလက်လှမ်းမှီအောင် ပိုမိုကူညီဆောင်ရွက်ပေးနိုင်မယ်လို့ ဆိုပါတယ်။
"COVID-19 ကာလအတွင်း ဒီဂျစ်တယ်ပြောင်းလဲမှုတွေက မြန်မာနိုင်ငံအတွင်းက MFI များရဲ့ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် အများကြီး ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ BOD Tech Ventures ရဲ့ အထောက်အပံ့နဲ့အတူ ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်နေမှုတွေကို ချဲ့ထွင်ပြီး မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးစနစ်မှာ ပြည်သူများ ပိုမိုပါဝင်လာနိုင်အောင် ဆက်လက်လုပ်ဆောင်သွားမှာပါ။" လို့ ThitsaWorks ရဲ့ အမှုဆောင်အရာရှိချုပ် ဦးညီငြိမ်းအေးက ပြောပါတယ်။
BOD Tech Ventures ဟာ မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ် ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့မှာ ရှိတဲ့ နည်းပညာလုပ်ငန်းတွေမှာ မြှပ်နှံမှု လုပ်နေတဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့ဖြစ်ပြီး ပြည်တွင်းနည်းပညာလုပ်ငန်းတွေ ဖြစ်တဲ့ Hercules (သယ်ယူပို့ဆောင်ရေး ) ၊ Flymya (အွန်လိုင်း ခရီးသွားအေဂျင်စီ) ၊ Get(B2B Wallet) ၊ Yangon D2D ( အစားအသောက် ပို့ဆောင်ရေး) နဲ့ mmBusticket (အွန်လိုင်းကားလက်မှတ်အရောင်းဝန်ဆောင်မှု) တို့မှာလည်း ရင်းနှီးမြှပ်နှံမှု လုပ်ဆောင်နေပါတယ်။
ThitsaWorks ဟာ ဘဏ်များ ၊ ဘဏ်မဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်းများနဲ့ အသေးစား ငွေကြေးအဖွဲ့အစည်းပေါင်း ၇၀ ကျော်ကို ဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး ငွေချေးသူပေါင်း ၂.၅ သန်းကို အကျိုးပြုနေတယ်လို့ ဆိုပါတယ်။ ရန်ကုန်အခြေစိုက် ဘဏ္ဍာရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ ThitsaWorks ကို ၂၀၁၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာပါ။
Photo: Mifos Initiative
ယခုနှစ် ဧပြီလအထိ ပြည်တွင်းမှာ လည်ပတ်နေတဲ့ အသေးစားငွေကြေးလုပ်ငန်း MFIs ပေါင်း ၁၉၃ ခု ခန့်ရှိပြီး လူပေါင်း ၅ သန်းကျော်ကို ငွေကြေးဝန်ဆောင်မှုပေးနေတယ်လို့ အစိုးရအချက်အလက်တွေက ဆိုပါတယ်။ ချေးငွေထုတ်ချေးမှုအနေနဲ့ စုစုပေါင်း ဒေါ်လာ ၁.၃၃ ဘီလျံဝန်းကျင် ရှိပါတယ်။ ThitsaWorks အနေနဲ့ ချေးငွေ လက်လှမ်းမီ ရယူနိုင်သူဦးရေ ပိုရောက်အောင် လုပ်ငန်းတိုးချဲ့သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ThitsaWorks ဟာ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာသိကောင်းစရာများ ၊ Microfinance ငွေချေးအဖွဲ့အစည်းများရဲ့ တည်နေရာနဲ့ ချေးငွေပြန်ပေးရမယ့် အချိန်ကာလတွေအကြောင်းကို အသိပညာပေးမျှဝေတဲ့ "ပိုက်ပိုက်" ဆိုတဲ့ အလိုအလျောက်စာပြန်ပေးနိုင်တဲ့ Chatbot ဝန်ဆောင်မှုလည်း ပေးထားပါတယ်။
Content Writer (Duwun Tech)