Nyein Min Wai

4000mAh ဘက်ထရီသုံး ဖုန်းတစ်လုံးကို မိနစ် ၂၀ အတွင်း အားအပြည့်သွင်းပေးနိုင်မယ့် နည်းပညာကို OPPO က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

OPPO ရဲ့ မျိုးဆက်သစ် VOOC charging နည်းပညာ မိတ်ဆက်ပွဲမှာ 125W wired charging နည်းပညာနဲ့အတူ Ultra-Fast charging solutions ၃ မျိုးပါ မိတ်ဆက်သွားတာပါ။ တရုတ်နိုင်ငံမှာ လုပ်သွားတဲ့ အားသွင်းနည်းပညာသစ် မိတ်ဆက်ပွဲမှာ OPPO ဟာ 65W AirVOOC wireless charger ၊ အိတ်ဆောင်အရွယ် 50W mini SuperVOOC charger နဲ့ 110W mini flash charger တို့ကိုလည်း ကြေညာသွားတာ ဖြစ်ပါတယ်။

Photo: Android Authority

ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းအားသွင်းနည်းပညာသစ် ဖြစ်တဲ့ 120W flash charging စနစ်ဟာ 4000 mAh ဘက်ထရီ ဖုန်းတစ်လုံးကို ၅ မိနစ်အတွင်း ၄၁% အားသွင်းပေးနိုင်ပြီး ၁၀၀% အားအပြည့်သွင်းနိုင်ဖို့အတွက် မိနစ် ၂၀ ပဲ အချိန်ယူမှာ ဖြစ်တယ်လို့ GSMArena က ဆိုပါတယ်။ ပါဝါဆဲလ်တွေနဲ့ စမတ်ဖုန်းကို ကာကွယ်ဖို့အတွက် အပြိုင်အားသွင်းနိုင်မယ့် charge pump ၃ ခု နဲ့အတူ အပူချိန်အာရုံခံ ၁၀ ခုပါ ထည့်ပေးထားပါတယ်။

65W AirVOOC wireless flash charge ဟာ ပိုကောင်းတဲ့ အအေးခံစနစ်အတွက် စက်ဝိုင်းပုံဒီဇိုင်း ၊ အပူစွန့်ထုတ်မှုအတွက် Glass panel နဲ့ ကြိုးမဲ့အားသွင်းစနစ်ကို ပိုထိရောက်စေမယ့် အပြိုင် dual-coil ဒီဇိုင်းတွေ သုံးထားပါတယ်။ ဒီထုတ်ကုန်ဟာ charging coil နှစ်ခုနဲ့ တစ်ပြိုင်တည်း အားသွင်းတဲ့ 65W SuperVOOC 2.0 wired charging နည်းပညာအတိုင်း 4000mAh ဘက်ထရီကို မိနစ် ၃၀ အတွင်း အားအပြည့်သွင်းနိုင်မှာပါ။

Photo:GSMArena

50W mini SuperVOOC charger ဟာ ပိုက်ဆံအိတ်ထဲ ထည့်ယူသွားလို့ ရမယ့် pocket size ထုတ်ကုန်ဖြစ်ပြီး အလျား ၈၂.၂ မီလီမီတာနဲ့ ထု ၁၀.၅ မီလီမီတာပဲ ရှိတဲ့ charger တစ်ခု ဖြစ်ပါတယ်။ 100W mini flash charger ဟာ 18W phone charger တစ်ခုစာလောက်ပဲ ရှိပြီး 50W လိုမျိုး USB PD နဲ့ USB PPS standards များ ပံ့ပိုးထားပါတယ်။

ဒီ charger တွေ မိတ်ဆက်ဖြန့်ချိမယ့်ရက် မသိရသေးပေမယ့် ဈေးကွက်မှာ ရောင်းချဖို့ အသင့်ဖြစ်နေပြီလို့ ကုမ္ပဏီက ကြေညာထားပါတယ်။ OPPO ဟာ Flash charging နည်းပညာမူပိုင်ခွင့်ပေါင်း ၂၈၀၀ ကျော် တင်ထားပြီး ကုမ္ပဏီရဲ့ VOOC နည်းပညာကို သုံးစွဲသူပေါင်း ၁၅၇ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က