လူမှုကွန်ရက်ပေါ်မှာ ‌ကောလာဟလ ဖြန့်မှုများ ရှိပါတယ်

5G Broadband နည်းပညာနဲ့ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ် ဆက်စပ်မှု ရှိနေတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ သီအိုရီတစ်ခု ပျံ့နှံ့လာပြီးနောက် ဒီတစ်ပတ်ထဲ ယူကေမှာ 5G တာဝါတိုင်များ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ပါတယ်။

The Guardian သတင်းအရ ဘာမင်ဂမ်မှာ ရှိတဲ့ ပေ ၇၀ မြင့်တဲ့ ဆဲလ်ဖုန်းတာဝါတိုင်တွေဟာ ဒီတစ်ပတ်ထဲမှာ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။ ဘာမင်ဂမ်မှာ မီးရှို့ခံထားရတဲ့ EE ပိုင် တာဝါတိုင်ဟာ 5G ဝန်ဆောင်မှု မပေးရသေးတဲ့ တာဝါတိုင် ဖြစ်နေပါတယ်။ ယူကေကွန်ရက်အော်ပရေတာတစ်ခု ဖြစ်တဲ့ EE ကတော့ မီးလောင်မှုကို စုံစမ်းနေဆဲ ဖြစ်ပြီး လောလောဆယ် ရှို့မီးဖြစ်ဖို့ ရှိတယ်လို့ ပြောထားပါတယ်။






" ဘာမင်ဂမ်မှာ ရှိတဲ့ ကျွန်တော်တို့ တာဝါတိုင်တွေထဲကတစ်ခု မီးလောင်တဲ့ ကိစ္စကို အင်ဂျင်နီယာတွေ စုံစမ်းစစ်ဆေးနေပါတယ်။ တကယ်လို့ ရှို့မီးကြောင့်ဆိုရင် West Midlands ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီး တရားခံဖော်ထုတ်သွားမှာပါ" လို့ EE က ပြောပါတယ်။

EE ဟာ ဘာမင်ဂမ်နေ လူထောင်ပေါင်းများစွာအတွက် 2G ၊ 3G နဲ့ 4G ကွန်ရက်ချိတ်ဆက်မှုများကို နှစ်ပေါင်းများစွာ လုပ်ဆောင်နေတဲ့ အော်ပရေတာ ဖြစ်ပြီး လက်ရှိမှာ ကွန်ရက်လွှမ်းခြုံမှု အပြည့် ပြန်ရအောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ဒါပေမယ့်လည်း မီးလောင်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ဆုံးရှုံးမှုက သိသိသာသာ များနေတယ်လို့လည်း ပြောပါတယ်။

ဘာမင်ဂမ်အပြင် လီဗာပူးနဲ့ မီလင်းတို့မှာလည်း အလားတူ တာဝါတိုင်များ မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ BBC သတင်းအရ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ အနည်းဆုံး 5G တာဝါတိုင် ၃ ခု မီးရှို့မှု ဖြစ်ပွားခဲ့ပြီး ရဲနဲ့ မီးသတ်တပ်ဖွဲ့များမှ ငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ယူကေ Vodafone တယ်လီကွန်း ပြောခွင့်ရပုဂ္ဂိုလ်ကတော့ The Verge သတင်းကို အတည်ပြုရာမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆဲလ်တာဝါတိုင် ၄ ခု ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။

5G ကွန်ရက်ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်လာတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ပူးပေါင်းကြံစည် သတင်းလွှင့်တဲ့ သီအိုရီတွေဟာ လူမှုကွန်ရက်ပေါ်ကနေ ပျံ့နှံ့လာခဲ့ပါတယ်။ မှားယွင်းပြီး အန္တရာယ်ရှိတဲ့ ဒီယူဆချက်တွေကို Facebook နဲ့ Nextdoor ပေါ်က Group အမျိုးမျိုးကနေ ထပ်ဖြန့်ခဲ့သလို နာမည်ကျော် သီချင်းရေးသူ အန်နီမာရီနဲ့ Britain's Got Talent ဒိုင် အမန်ဒါဟိုဒင်တို့ လူမှုကွန်ရက်ပေါ် ပြန်မျှဝေမှုတွေ လုပ်ခဲ့ကြပါတယ်။

Photo: The Verge


နိုင်ငံတကာ ရေဒီယိုသတ္တိကြွမှုဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ မြန်နှုန်းမြင့်တယ်လီဖုန်းစနစ်သစ်တွေဟာ လူသားတွေအတွက် အန္တရာယ်မဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။ ယူကေမိုဘိုင်းအခြေခံအဆောက်အဦပိုင်း ကျွမ်းကျင်သူ ပီတာကလာ့ခ်ဟာ 5G တာဝါများ မီးရှို့ဖို့ တိုက်တွန်းနေတဲ့ 5G TOWER FIRE COMP ဆိုတဲ့ group အကြောင်း Facebook ကို တိုင်တန်းခဲ့ပါတယ်။

အစောပိုင်းမှာ Group ကို ကုမ္ပဏီဘက်က ဖယ်ရှားခဲ့ခြင်း မရှိဘဲ အာရုံစိုက်ခံရမှု များလာပြီးတဲ့နောက်မှာ ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း လူတော်တော်များများဟာ သတင်းအချက်အလက်များတွေ ရရှိနေဆဲ ဖြစ်ပြီး 5G တာဝါများ မီးရှို့ဖျက်ဆီးဖို့ လူထောင်ပေါင်းများစွာဟာ အချင်းချင်း တိုက်တွန်းမှု ရှိနေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က