၂၀၂၀ နှစ်ကုန်ပိုင်းမှာ စီးပွားဖြစ် ဖြန့်ကြက်သွားဖို့ ရှိပါတယ်

ထိုင်းနိုင်ငံ တယ်လီကွန်းစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့အစည်းဟာ တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ 5G လှိုင်းနှုန်းစဉ်လေလံပွဲတွေကနေ ဘတ်ငွေ ၁၀၀.၅၂ ဘီလျံ (ဒေါ်လာ ၃.၂ ဘီလျံ) ရခဲ့တယ်လို့ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာ စီးပွားဖြစ် ဖြန့်ချိသွားဖို့ မျှော်လင့်ထားတဲ့ 5G ကွန်ရက်အတွက် လိုင်စင် ၄၈ ခု ချပေးရာမှာ အော်ပရေတာတွေဟာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ Reuters သတင်းအရ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း မိုဘိုင်း အော်ပရေတာ ဖြစ်တဲ့ Advanced Info Service Pcl ဟာ လှိုင်းနှုန်းစဉ်ကြိမ်နှုန်း ၃ ခုအတွက် လိုင်စင် ၂၃ ခုနဲ့ အများဆုံး ရရှိခဲ့တယ်လို့ ဆိုပါတယ်။



Photo: bangkokpost

၅ နာရီကျော် ကြာမြင့်တဲ့ ဒီလေလံပွဲမှာ နိုင်ငံရဲ့ ဒုတိယနဲ့ တတိယအကြီးဆုံး အော်ပရေတာတွေ ဖြစ်တဲ့ True Corporation Pcl နဲ့ Total Access Communication Pcl တို့လည်း လိုင်စင် ၁၇ ခုနဲ့ ၂ ခုစီ ရခဲ့တာပါ။ အမျိုးသားရုပ်သံထုတ်လုပ်ရေးနဲ့ တယ်လီကွန်းဆက်သွယ်ရေး ကော်မရှင် NBTC ကတော့ ပဥ္စမမျိုးဆက် ဆက်သွယ်ရေးနည်းပညာဟာ 4G ကွန်ရက်ထက် အဆပေါင်း ၁၀၀ အထိ ပိုမြန်ပြီး နိုင်ငံရဲ့ ဒီဂျစ်တယ်စီးပွားရေး တိုးတက်ဖို့ အကူအညီဖြစ်စေမယ်လို့ ပြောခဲ့ပါတယ်။

"ထိုင်းနိုင်ငံရဲ့ 5G နည်းပညာဟာ ဒီနှစ်ထဲမှာ နိုင်ငံရဲ့ စီးပွားရေးကို အနည်းဆုံး ဘတ် ၁၇၇ ဘီလျံ တက်လာဖို့ မျှော်လင့်ပါတယ်။ ဒါဟာ နိုင်ငံ့ GDP ရဲ့၁.၀၂% လည်း ဖြစ်ပါတယ်။"လို့ NBTC ရဲ့ အထွေထွေ အတွင်းရေးမှူး Takorn Tantasith က ဆိုပါတယ်။ ၂၀၂၀ မှာဆို ဒီတန်ဖိုးဟာ နှစ်ဆနီးပါး ရှိလာဖို့လည်း သူက မျှော်လင့်ထားပါတယ်။

National Telecom Company (NT) အဖြစ် ပူးပေါင်းလိုက်တဲ့ CAT Telecom နဲ့ TOT တို့ဟာလည်း ပထမဆုံးအကြိမ် လှိုင်းနှုန်းစဉ်လေလံပွဲမှာ ပါဝင်ခဲ့ပြီး လိုင်စင် ၆ ခု ရခဲ့တယ်လို့ ဆိုပါတယ်။ NBTC ဟာ လှိုင်းနိမ့် low band 700-MHz ၊ လှိုင်းလတ် mid band 2600-MHz နဲ့ လှိုင်းမြင့် high band 26-GHz လေလံသုံးခုအတွက် လိုင်စင်တွေ ချပေးခဲ့တာပါ။


Photo: thaipbsworld


နော်ဝေနိုင်ငံ Telenor Group ပိုင် DTAC ဟာ high band 26-GHz လေလံပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လိုင်စင် ၂၆ ခုထဲမှ ၂ ခု ဆွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 100-MHz blocks အတွက် လိုင်စင် ၂၆ ခုမှာ Advanced Info Service (AIS) ဟာ လိုင်စင် ၁၂ ခုနဲ့ အများဆုံး ရခဲ့ပြီး Tue က ၈ ခုနဲ့ ကျန်လိုင်စင်ထဲက ၄ ခုကို TOT က ရခဲ့တာပါ။

26-GHz လိုင်စင်ဟာ စုစုပေါင်း ဘတ် ၁၁.၆၃ ဘီလျံ တန်ပြီး 700-MHz နဲ့ 2600-MHz လိုင်စင်တွေဟာ ဘတ် ၅၁ ဘီလျံနဲ့ ဘတ် ၃၇ ဘီလျံ တန်ပါတယ်။ high band လိုင်စင်ဆွဲနိုင်ခဲ့တဲ့ ကုမ္ပဏီတွေဟာ တစ်နှစ်အတွင်း ငွေအကျေချေရမှာ ဖြစ်ပြီး လှိုင်းနိမ့် 700-MHz နဲ့ လှိုင်းလတ် 2600-MHz လေလံအောင်ခဲ့တဲ့ ကုမ္ပဏီတွေဟာ ၁၀ နှစ်အတွင်း အရစ်ကျနှုန်းနဲ့ အစိုးရကို ပေးဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က