Samsung Electronics လုပ်ငန်းစုကတော့ 6G မိုဘိုင်းလ်ကွန်ရက်နည်းပညာ ဖွံ့ဖြိုးရေးပိုင်းအတွက် ခြေလှမ်းတွေ စတင်နေပါတယ်။
ဇွန်လ ၄ ရက်နေ့က Samsung Electronics ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ Sasmung အနေနဲ့ 5G ကွန်ရက် ကနဦး ဖြန့်ချိပြီးတဲ့ နောက် ရှိပြီးသား တယ်လီကွန်းသုတေသနအဖွဲ့ကို တိုးချဲ့သွားမယ်လို့အတည်ပြုထားပါတယ်။ The Inverster သတင်းမှာလည်း Samsung ရဲ့ သုတေသနအဖွဲ့ဟာ 6G နည်းပညာနဲ့စံနှုန်း သတ်မှတ်မှုကို အရှိန်မြှင့်တင်သွားမယ်လို့ဖော်ပြထားပါတယ်။
Photo: Express Computer
Sasmung Research အဖွဲ့အစည်းဟာ မျိုးဆက်သစ်ဆယ်လူလာကွန်ရက် နည်းပညာမှာ ထိပ်ဆုံးက ဦးဆောင်ဖို့ရေရှည်စီးပွားရေး စီမံကိန်းအနေနဲ့စီမံကြံဆနေတာ ဖြစ်ပါတယ်။ Samsung ဟာ ကမ္ဘာ့ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့ Galaxy S10 5G ကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ ကြေညာခဲ့ပြီး 5G Solutions သစ်တွေနဲ့စီးပွားရေးလုပ်ငန်းသစ်တွေ ဖော်ဆောင်ဖို့လုပ်နေပါတယ်။ လက်ရှိမှာ 5G ကွန်ရက်သုံးနိုင်တဲ့ နိုင်ငံဟာ တောင်ကိုရီးယား ၊ ယူကေနဲ့အမေရိကန်တို့မှာပဲ ရှိသေးတာ ဖြစ်ပြီး မကြာခင်မှာ 5G သုံးနိုင်တဲ့ နိုင်ငံသစ်တွေ မြင်ရတော့မှာပါ။
တောင်ကိုရိးယား နည်းပညာကုမ္ပဏီတွေဟာ အမေရိကန်နဲ့တရုတ်ထက် လက်ဦးမှုယူပြီး 6G ကွန်ရက်အကောင်အထည်ဖော်မယ့် အစီအစဉ်များ ကြေညာထားပါတယ်။ နိုင်ငံတကာ အင်ဂျင်နီယာနဲ့နည်းပညာသုတေသနဂျာနယ်ရဲ အဆိုအရ 6G ဟာ 5G ထက် ပိုမြင့်မားတဲ့ ဒေတာနှုန်းနဲ့ပိုမိုမြန်ဆန်တဲ့ အင်တာနက်မြန်နှုန်းပေးဖို့ဂြိုလ်တုတွေနဲ့ပေါင်းစပ်သွားဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်။
ကြိုးမဲ့ဆယ်လူလာနည်းပညာရဲ့ ပထမ မျိုးဆက်ခေတ်ဟာ ၁၉၈၀ ပြည့်လွန်နှစ်များက စတင်ခဲ့တာပါ။ 1G နဲ့2G ကွန်ရက်အကြား ခြားနားမှုကတော့ analog ပေါ် အလုပ်လုပ်တာနဲ့digital ပေါ် အလုပ်လုပ်တာ ဖြစ်ပါတယ်။ 3G,4G ကွန်ရက်တွေပေါ်ကနေ ဆက်သွယ်တာကနေ အခုဆို 5G ကွန်ရက်စနစ်ပါ စတင်အသုံးပြုလာပြီ ဖြစ်ပေမယ့် 4G ထက် အဆရာထောင် ပိုမြန်တဲ့ 5G ကို နောက်နှစ်နှစ်လောက်မှ မြင်ရမှာပါ။
Photo: CNBC
5G ရဲ့ နောက်မျိုးဆက်လို့ဆိုရမယ့် 6G ကွန်ရက်ကတော့ 5G ထက် လှိုင်းလွှတ်တဲ့နှုန်းဟာ ၁၀ ဆကျော်ပိုမြန်ပြီး download speed အနေနဲ့တစ်စက္ကန့်ကို 1TB အထိ ရှိမယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံမှာ 6G Wireless နည်းပညာကို ပြီးခဲ့တဲ့နှစ် မတ်လအတွင်းမှာ စတင် သုတေသနလုပ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်မှာ စီးပွားဖြစ် အသုံးပြုနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။
လက်ရှိမှာ အမေရိကန် ၊ ရုရှားနဲ့EU နိုင်ငံများဟာ 6G စနစ်များအတွက် မူကြမ်းဒီဇိုင်းနဲ့သုတေသနတွေ စတင်လုပ်ဆောင်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာပဲ အမေရိကန် တယ်လီကွန်းအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Charter Communications ဟာ 6G ဝန်ဆောင်မှုတွေ စမ်းသပ်ခဲ့ပါတယ်။