ကမ္ဘာ့အကြီးဆုံး Samsung ရဲ့ အမှတ်တံဆိပ်သံတမန် brand ambassador တစ်ယောက် ဖြစ်ဖို့ဆိုတာ အတော်လေးကို ကံထူးမှ ဖြစ်မှာပါ။ နောက်တစ်ခုက အတော်လေးလည်း အလျော်အစားကြီးတဲ့ အလုပ်ဆိုလည်း မမှားပါဘူး။
Photo: mirror
Samsung ကုမ္ပဏီရဲ့ ရုရှား brand ambassador ဖြစ်သူ ကဆီနီယာ ဆော့ချက်ကို ရုပ်သံအင်တာဗျူးတစ်ခုမှာ Samsung ရဲ့ ပြိုင်ဘက် Apple ရဲ့ iPhone X ကို အသုံးပြုတဲ့အပေါ် ရူဘယ် ၁၀၈ သန်း (ဒေါ်လာ ၁.၆ သန်းခန့်) ရလိုမှုနဲ့တရားစွဲလိုက်တယ်ဆိုတဲ့ သတင်းထွက်လာတာပါ။ ကဆီနီယာဆော့ချက်ဟာ ရုရှား ဂျာနယ်လစ် ၊ နိုင်ငံရေးသမားနဲ့Reality TV စတားဖြစ်သလို ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ခေါင်းကိုင်သမီးလို့လည်း လူသိများပါတယ်။
ဆော့ဘ်ချက်ဟာ ရုရှား Samsung သံတမန်ဖြစ်တာကြောင့် အများမြင်ကွင်းမှာ Samsung ထုတ် အီလက်ထရွန်းနစ်ပစ္စည်းတွေကိုပဲ သုံးပေးရပါတယ်။ သို့သော်လည်း မကြာသေးခင်က ရုပ်သံအစီအစဉ်တစ်ခုမှာ သူမဟာ iPhone တစ်လုံးကို ကိုင်ဆောင်ခဲ့တာကို တွေ့ခဲ့ရတာပါ။ ဆော့ဘ်ချက်အနေနဲ့iPhone ကိုင်တာ လူမသိစေဖို့Apple logo ကို လက်ချောင်းတွေနဲ့ကွယ်ထားသလို စားပွဲပေါ်မှာလည်း စာရွက်တွေနဲ့ဖုံးကာထားခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်ကို Samsung မှ သိသွားခဲ့ပြီး စာချုပ်ဖောက်ဖျက်မှုနဲ့သူမကို တရားစွဲဖို့ပြင်နေတာပါ။ Apple Insider သတင်းအရ Samsung အနေနဲ့ဆော့ဘ်ချက်ဆီကနေ ဒေါ်လာ ၁.၆ သန်း နစ်နာကြေးတောင်းဆိုသွားမယ်လို့ဖော်ပြထားပါတယ်။ Samsung အနေနဲ့အခုလို brand ambassador တွေကို စာချုပ်ဖောက်ဖျက်မှုနဲ့စွဲချက်တင်တာ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
၂၀၁၄ ခုနှစ်က Samsung ရဲ့ Milk Music ဝန်ဆောင်မှုအတွက် ခန့်အပ်ထားတဲ့တဲ့ Maroon 5 မှ အဆိုတော် အဒမ်လာဗင်း iPhone ကိုင်နေတဲ့ပုံ TV မှာ တက်လာခဲ့သလို ၂၀၁၃ ကလည်း Galaxy S4 ကို ပရိုမိုးရှင်းဆင်းပေးတဲ့ တင်းနစ်ကစားသမား ဒေးဗစ် ဖာရာဟာ သူ့ရဲ့ Tweet ကို iPhone နဲ့တင်ခဲ့တာတွေ ရှိခဲ့ပါတယ်။
Photo: wccftech
နာမည်ကြီး ဆယ်လီတွေ iPhone ကို လက်မလွတ်နိုင်တာကလည်း တစ်ခြား စမတ်ဖုန်းကုမ္ပဏီတွေအဖို့ခံပြင်းစရာ ဖြစ်နေပါတယ်။