သူရေးခဲ့တဲ့ ပါရဂူဘွဲ့စာတမ်းပါ ရောင်းချနိုင်ခဲ့တာပါ
Nyein Min Wai

ကွယ်လွန်သူ ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း အသုံးပြုခဲ့တဲ့ ဘီးတပ်ကုလားထိုင်နဲ့ဒေါက်တာဘွဲ့အတွက် တင်သွင်းခဲ့တဲ့ ကျမ်းကို လေလံတင်ခဲ့ရာမှာ ဒေါ်လာ သန်းနဲ့ချီအရောင်းအဝယ် ဖြစ်သွားခဲ့ပါတယ်။

455982018.jpg

Photo: CNET

 

ဗြိတိန်လေလံကုမ္ပဏီတစ်ခု ဖြစ်တဲ့ Christie's အွန်လိုင်းလေလံကနေ ရောင်းချခဲ့တာ ဖြစ်ပြီး ဒီလေလံကို ကြီးမြတ်သူတို့ပုခုံးများထက်မှာ ဆိုတဲ့ နာမည်နဲ့ရောင်းချသွားခဲ့တာပါ။ ဒီလေလံပွဲမှာ ကမ္ဘာ့ထိပ်သီး ပညာရှင်ကြီးများ ဖြစ်တဲ့ နယူတင် ၊ ချားလ်စ်ဒါဝင်နဲ့အဲလ်ဘတ်အိုင်စတိုင်းတို့ရဲ့ အမှတ်တရပစ္စည်းများလည်း ပါဝင်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၈ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီလေလံကနေ တစ်ဆင့် စတီဖင်ဟော့ကင်းရဲ့ မော်တာတပ် ဘီးတပ်ကုလားထိုင်ကို ၂၉၆၇၅၀ ပေါင် (ဒေါ်လာ ၃၈၇၀၀၀ ခန့်) နဲ့ရောင်းချနိုင်ခဲ့ပြီး ၁၉၆၆ ခုနှစ်က ကမ်းဘရစ်ချ်မှာ ပါရဂူဘွဲ့အတွက် သူတင်သွင်းခဲ့တဲ့ စကြဝဠာရဲ့ ဖြစ်စဉ်နဲ့မြေဆွဲအားလှိုင်းများအကြောင်း စာတမ်း "Properties of Expanding Universes" ကို ၅၈၄၇၅၀ ပေါင် (ဒေါ်လာ ၇၆၅၀၀၀ ခန့်) နဲ့ရောင်းချနိုင်ခဲ့ပါတယ်။

Christie's အွန်လိုင်းလေလံပွဲမှာ ဟော့ကင်း အသုံးအဆောင် ၂၀ အပြင် သူရရှိခဲ့တဲ့ ဆုတံဆိပ်များကိုလည်း ပေါင် ၂၉၆၇၅၀ နဲ့ရောင်းချနိုင်ခဲ့သလို သူအကြောင်းပါဝင်တဲ့ Animated TV ရှိုး Simpsons ရဲ့ ဇာတ်ညွှန်းကိုလည်း ပေါင် ၆၂၅၀ နဲ့ရောင်းထွက်ခဲ့ပါတယ်။ ၉ ရက်တာ ကျင်းပသွားတဲ့ ဒီလေလံမှာတော့ စုစုပေါင်း အမှတ်တရပစ္စည်း ၅၂ ခု ရောင်းချခဲ့ပြီး ပေါင် ၁၈၂၄၃၇၅ ထိ ရခဲ့ပါတယ်။

အစောပိုင်းက ဟော့ကင်းရဲ့ ဝှီးချဲကို ပေါင် ၁၅၀၀၀ လောက်နဲ့ပဲ ရောင်းထွက်မယ်လို့ခန့်မှန်းခဲ့တာပါ။ ဝှီးချဲရောင်းရတဲ့ ငွေကြေးကိုတော့ စတီဖင်ဟော့ကင်း ဖောင်ဒေးရှင်းနဲ့ ကြွက်သားအားနည်းတဲ့ ရောဂါအဖွဲ့အစည်း တို့ကို လွဲှပေးသွားမှာ ဖြစ်ပါတယ်။ ဟော့ကင်းဟာ အသက် ၂၂ နှစ်သားက စပြီး ALS လို့လူသိများတဲ့ အကြောသေရောဂါ ခံစားခဲ့ရတာပါ။

နှစ်အနည်းငယ်ပဲ အသက်ရှင်လောက်တဲ့ ဝေဒနာဖြစ်ပေမယ့် သူကတော့ အသက် ၇၆ နှစ်အထိ နေထိုင်နိုင်ခဲ့ပါတယ်။ ဟော့ကင်းဟာ ALS ရဲ့ ဒဏ်ကြောင့် ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ စကားမပြောနိုင်တဲ့ ဘဝနဲ့လက်ချောင်း ၂ ချောင်းသုံးပြီး စာသင်ကြားခြင်း ၊ စာတမ်းပြုစုခြင်း ၊ ကွန်ဖရင့်များ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

ဟော့ကင်းရေးသားပြုစုခဲ့တဲ့ ကမ္ဘာကျော် အချိန်ရဲ့ သမိုင်းအကျဉ်းချုပ်အကြောင်း စာတမ်းဟာ ၁၉၈၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ဘာသာစကား ၃၅ မျိုးနဲ့ပြန်ဆိုခဲ့ပြီး စုစုပေါင်း အုပ်ရေ ၁၀ သန်း ရောင်းချနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

_104099738_wheelcchairmain.jpg

၁၉၈၀ ခုနှစ်များကနေ ၉၀ ပြည့်လွန်နှစ်များအထိ သုံးခဲ့တဲ့ ဝှီးချဲ (Photo: BBC)

 

မျိုးဆက်တစ်ခုရဲ့ အထူးချွန် အပြောင်မြောက်ဆုံး သိပ္ပံပညာရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရတဲ့ ဟော့ကင်းရဲ့ နောက်ဆုံး စာအုပ် Brief Answers to the Big Questions မှာတော့ ဘုရားမရှိကြောင်း သုံးသပ်သွားခဲ့ပါတယ်။

 


က္က