တက္ကဆက်ပြည်နယ် ပလန်နိုမြို့တရားရုံးမှာ တိုင်ကြားထားတာပါ

မတ်လ ၇ ရက်နေ့မှာ Huawei ဟာ အမေရိကန်သမ္မတကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ ဥပဒေတစ်ခုကို တုံ့ပြန်တဲ့အနေနဲ့တိုင်ကြားချက်တစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

        တရုတ်နိုင်ငံ Huawei ရုံးချုပ်တည်ရှိရာ ရှန်းကျန့်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး တရားစွဲတိုင်ကြားရတဲ့ အကြောင်းရင်းများကို Huawei ရဲ့ အလှည့်ကျ ဥက္ကဌ ၊ တရားရေးအရာရှိချုပ် ၊ Global ဆိုက်ဘာလုံခြုံရေးအရာရှိများမှ ရှင်းလင်းခဲ့ပါတယ်။ Huawei ထုတ်ကုန်တွေပိတ်ပင်တားမြစ်မှုပေါ် မတရားကြောင်းနဲ့ဒီပိတ်ပင်မှုတွေ ပယ်ဖျက်ဖို့အတွက် တိုင်ကြားတာဖြစ်တယ်လို့Huawei ရဲ့ Deputy Chairman ဖြစ်သူ Guo Ping က ပြောပါတယ်။



Photo: GSMArena

         "အမေရိကန်ကွန်ဂရက်လွှတ်တော်အနေနဲ့Huawei ထုတ်ကုန်တွေ ပိတ်ပင်တားမြစ်ရတဲ့အပေါ် သက်သေအထောက်အထား အခိုင်အမာပြဖို့ထပ်တလဲလဲ ပျက်ကွက်ခဲ့တာကြောင့် ကျွန်တော်တို့ဘက်က အသင့်တော်ဆုံးနဲ့နောက်ဆုံးအားထားရာအဖြစ် တရားရေးလမ်းကြောင်းကနေ သွားဖို့ဖြစ်လာတာပါ။ ဒီပိတ်ပင်တားမြစ်ချက်ဟာ တရားဥပဒေနဲ့မညီသလို မျှတစွာ ယှဉ်ပြိုင်ရမယ့် နေရာတွေမှာပါ Huawei ကို ပိတ်ပင်လိုက်တာပါ။" လို့ဆိုပါတယ်။

         Huawei ကို ပိတ်ပင်တားမြစ်ခြင်းဟာ အမေရိကန်မှ သုံးစွဲသူတွေကိုလည်း ထိခိုက်စေမှာ ဖြစ်တယ်လို့လည်း မစ္စတာ Guo က ပြောပါတယ်။ အမေရိကန်အမျိုးသား ကာကွယ်ရေးဆိုင်ရာ ခွင့်ပြုချက် အက်ဥပဒေ NDAA ပုဒ်မ ၈၈၉ အရ Huawei ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို အမေရိကန်အစိုးရ အေဂျင်စီတွေမှာ ဝယ်ယူသုံးစွဲခြင်း အပြင် ဒီထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို သုံးနေတဲ့ အဖွဲ့အစည်းများနဲ့စာချုပ်ချုပ်ခြင်း ၊ ချေးငွေပေးခြင်းများပါ တားမြစ်ထားတာပါ။

         Huawei ကိုပဲ ရွေးပြီး ပိတ်ပင်ထားတဲ့ ဒီတားမြစ်မှုဟာ အမေရိကန်ကွန်ဂရက်ကနေ ပြဌာန်းထားတဲ့ Bill of Attainder Clause နဲ့Due Process Clause တို့ကို ဖောက်ဖျက်တာဖြစ်ပြီး ဥပဒေကို ပြန်ဖောက်ဖျက်တာဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့ Seperation-of-Powers မူကို ဖောက်ဖျက်တာ ဖြစ်တယ်လို့Huawei ဘက်မှ တုန့်ပြန်ထားပါတယ်။

         “ပုဒ်မ (၈၉၉) က များပြားတဲ့အမှားတွေ နဲ့ သက်သေမပြနိုင်သေး၊ မစမ်းသပ်ရသေးတဲ့အခြေအနေတွေအပေါ် မှုတည်ပြီး ပြဌာန်းထားတာပါ။ နောက်ထပ်တစ်ချက်က Huawei ကို တရုတ်အစိုးရက မပိုင်ဆိုင်ဘူး၊ မထိန်းချုပ် ထားဘူး၊ လွှမ်းမိုးမှုလည်းမရှိပါဘူး။ " လို့Huawei ရဲ့ တရားရေးအရာရှိချုပ်ဖြစ်သူ Song Liuping က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo:telenews

         ဒီပွဲမှာပဲ Huawei ရဲ့ Global Cyber Security & Privacy Officer ဖြစ်တဲ့ John Suffolk မှ Huawei ဟာ ကမ္ဘာပေါ်မှာ ပွင့်လင်းမြင်သာမှု အရှိဆုံးနဲ့အစစ်ဆေးခံရဆုံး ကုမ္ပဏီဖြစ်တဲ့ အပေါ် ဂုဏ်ယူကြောင်းနှင့် လုံခြုံရေးအတွက် ဒီဇိုင်းဖွံ့ဖြိုးတိုးတက်မှု သုံးပြီး ချဉ်းကပ်တည်ဆောက်ရာမှာ Huawei ကို ပြိုင်နိုင်တဲ့ ကုမ္ပဏီရှားပါးတယ်လို့ဆိုပါတယ်။

         Huawei ရဲ့ အလှည့်ကျ ဥက္ကဌ Guo Ping ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ 5G ကွန်ရက်တည်ဆောက်ရေးမှာ ပါဝင်ခွင့်အတွက် တိုက်တွန်းထားပါတယ်။ တစ်ဖက်မှာလည်း Huawei ကို ပိတ်ပင်ခြင်းဟာ ဈေးကွက်တွင်း ပြိုင်ဆိုင်မှုများကို ဖိနှိပ်ရာရောက်ပြီး အမေရိကန်သုံးစွဲသူများအနေနဲ့အရည်အသွေးနိမ့် ထုတ်ကုန်များအတွက် ဈေးနှုန်းကြီးမြင့်စွာ ပေးရမယ့် အခြေအနေကို ဆိုက်ရောက်လာစေမယ်လို့လည်း သတိပေးထားပါတယ်။

         အမေရိကန်အစိုးရဘက်မှလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက Huawei ကုမ္ပဏီအပြင် ကုမ္ပဏီရဲ့ CFO နဲ့တစ်ခြား ဆက်နွှယ်သူတွေကို စုစုပေါင်း ၂၃ မှုနဲ့တရားစွဲထားပါတယ်။ Huawei အနေနဲ့အီရန်နဲ့လုပ်ငန်းလုပ်ဖို့Skycom Tech ဆိုတဲ့ ကုမ္ပဏီကို ကြားခံပြီး ငွေကြေးလွဲှပြောင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့စွပ်စွဲထားတာပါ။

         5G ကွန်ရက်သစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ မူပိုင်ခွင့်ပေါင်း ၂၅၇၀ ကျော်ပိုင်ဆိုင်ထားတဲ့ Huawei ဟာ 5G base station ပေါင်း ၄ သောင်း တည်ဆောက်ထားပြီး 5G စီးပွားရေးဆိုင်ရာ စာချုပ်ပေါင်း ၃၀ ကျော် လက်မှတ်ရေးထိုးထားပြီး ကမ္ဘာ့နံပါတ်တစ် 5G vendor အဖြစ် ရှိနေပါတယ်။ GSMA ရဲ့အဆိုအရ ၂၀၁၇ မှ ၂၀၂၀ အတွင်း မြောက်အမေရိကမှ carrier တို့ရဲ့ ငွေကြေးအသုံးစရိတ်ဟာ ဒေါ်လာ ၁၃၆ ဘီလျံဝန်းကျင်ရှိပြီး ဒီဈေးကွက်ထဲ Huawei ကို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်စေမယ်ဆိုရင်၁၅% (ဒေါ်လာ ဘီလျံ ၂၀) အကုန်အကျသက်သာမယ်လို့ခန့်မှန်းထားပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က