eSport က အသက်မွေးမှုဖြစ်လာပါတယ်
Nyein Min Wai

ဗွီဒီယိုဂိမ်းတွေကို အမေရိကန်ပြည်နယ် ၈ ခုက အထက်တန်းကျောင်းတွေမှာ သင်ရိုးအဖြစ် ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။          

         အမေရိကန်နိုင်ငံမှာ eSports ဗွီဒီယိုဂိမ်းတွေကို တရားဝင်ကျောင်းသင်ခန်းစာတွေအဖြစ် ပြီးခဲ့တဲ့နှစ် ဆောင်းတွင်းက ကော်နက်တီကပ် ၊ ဂျော်ဂျီယာ ၊ ကင်တပ်ကီ ၊ မက်ဆာချူးဆက် နဲ့ရုဒ်အိုင်းစ်လန်းတို့မှာ စတင်သင်ကြားခဲ့တာ ဖြစ်ပါတယ်။ လအနည်းငယ်ကြာပြီးနောက်မှာတော့ အလာဘားမား ၊ မစ္စစပီနဲ့တက္ကဆက်ကျောင်းတွေမှာလည်း eSports သင်ရိုးတွေ ထည့်သွင်းလာပြီလို့ပြည်နယ်အထက်တန်းကျောင်းအဖွဲ့အစည်းဆိုင်ရာ အမျိုးသားဖက်ဒရေးရှင်းအဖွဲ့အစည်းမှ ထုတ်ပြန်ချက်ကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြထားပါတယ်။

Photo: CNN

         Newzoo သုတေသနကုမ္ပဏီရဲ့ အဆိုအရ ကမ္ဘာ့ eSports ဈေးကွက်ဟာ ၂၀၁၉ မှာ ဒေါ်လာ ၁ ဘီလျံကျော် ဝင်ငွေရှိတဲ့ ဈေးကွက်ဖြစ်လာမယ်လို့ခန့်မှန်းထားပါတယ်။ eSports ပရိတ်သတ်ကလည်း ၂၀၁၉ ထဲမှာ လူပေါင်း ၄၅၄ သန်း ရှိလာမယ်လို့ဒီသုတေသနက ခန့်မှန်းထားပါတယ်။ eSport ဂိမ်းဟာလည်း အသက်မွေးမှုတစ်ခုဖြစ်လာပြီး တစ်ချို့ဂိမ်မာတွေဟာ ဂိမ်းကစားရင်းနဲ့မိသားစုကို ထောက်ပံ့နိုင်ပြီ ဖြစ်ပါတယ်။

         ကမ္ဘာ့ eSport လောကမှာ ပရိုအဆင့်ရှိတဲ့ ပလေယာတစ်ယောက်ဟာ တစ်နှစ်ကို ဒေါ်လာ သိန်းနဲ့ချီ ဝင်ငွေရပြီး ပြိုင်ပွဲတွေမှာ အနိုင်ရမယ်ဆိုရင်တော့ ဒေါ်လာ သန်းပေါင်းများစွာ ရမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျောင်းသင်ရိုးမှာ ဗွီဒီယိုဂိမ်းသင်ရိုးတွေ ထည့်သွင်းခြင်းကနေ ကျောင်းသားတွေဟာ ဝင်ငွေကောင်းပြီး ဘဝအာမခံချက်ရှိတဲ့ အသက်မွေးလုပ်ငန်းတစ်ခုထဲ ဝင်ရောက်နိုင်တော့မှာပါ။နယူးယော့ခ်တက္ကသိုလ်နဲ့ကယ်လီဖိုးနီးယားတက္ကသိုလ်တို့ဟာလည်း ဗွီဒီယိုဂိမ်းတွေကို ပညာသင်ဆုပေးလာပြီ ဖြစ်ပါတယ်။

Photo: Starters

         ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်မှ အားကစားစီမံရေးရာ ပါမောက္ခ လီဆာနေရော့တီမှ eSports ဟာ ပုံမှန်အားကစား အမျိုးအစားတွေအတိုင်း ခေတ်စားလာနေပြီး eSport ပေါ် လူထုစိတ်ဝင်စားမှုနဲ့တောင်းဆိုချက်တွေ မြင့်တက်နေတယ်လို့ပြောပါတယ်။ တရုတ်နိုင်ငံ ဂျီနန်ပြည်နယ်က Lanxiang နည်းပညာကျောင်းမှာလည်း eSports ကို သင်ရိုးအဖြစ် ထည့်သင်နေပါတယ်။

         တရုတ်နိုင်ငံက Lanxiang eSports ကျောင်းသားတွေဟာ ဗွီဒီယိုဂိမ်းကစားနည်း သင်ဖို့တစ်နှစ်ကို ၁၄၇၀ ပေါင် ပေးရတယ်လို့ဆိုပါတယ်။ ဒီကျောင်းသားတွေဟာ ကျောင်းချိန် တစ်ဝက်ကို ဂိမ်းကစားရင်း ကုန်ဆုံးပြီး ကျန်တဲ့ သင်တန်းချိန်တစ်ဝက်ကို အောင်မြင်တဲ့ ဂိမ်မာဖြစ်ဖို့သီအိုရီပိုင်း သင်ကြားနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က