၂၀၂၁ မှာ ထုတ်လုပ်မှု ပြန်အားကောင်းလာဖို့ရှိပါတယ်။

Huawei ဟာ နောက်လာမယ့် ၂ နှစ်ကျော်အတွင်း ဝင်ငွေထဲက ဒေါ်လာ ဘီလျံ ၃၀ ခန့်ဆုံးရှုံးရဖို့ရှိတယ်လို့ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့အမှုဆောင်အရာရှိချုပ် ရန်ဇီဖိန်းက ပြောကြားလိုက်ပါတယ်။

         ဒီတစ်ပတ် တနလာၤနေ့က Huawei ရုံးချုပ်တည်ရှိရာ ရှန်းကျင့်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပြီး Huawei ရဲ့ ထုတ်လုပ်မှုဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ပြန်လည် အားကောင်းလာမယ်လို့လည်း သူကဆိုပါတယ်။ ဇွန်လ ၁၇ ရက်နေ့က Huawei ရုံးချုပ်မှာ အမေရိကန်မှ နည်းပညာကျွမ်းကျင်သူ နှစ်ဦးဖြစ်တဲ့ ဂျော့ချ်ဂီလ်ဒါနဲ့နီကိုလပ်စ်နီဂရောပွန်တီတို့နဲ့စကားဝိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။



Photo: Huawei

         ဒီစကားဝိုင်းမှာပဲ Bloomberg သတင်းမှာ ရေးသားခဲ့တဲ့ Huawei စမတ်ဖုန်းတင်ပို့မှု ၄၀% ကျဆင်းဖို့ရှိတယ်ဆိုတဲ့ ဖော်ပြချက်ကိုလည်း မစ္စတာရန်ဇီဖိန်းမှ အတည်ပြုခဲ့ပါတယ်။ Huawei ရဲ့ ထုတ်လုပ်မှုဟာ လာမယ့် နှစ်နှစ်အတွင်းမှာ နှေးကွေးသွားဖို့ရှိပေမယ့် ဝင်ငွေအနေနဲ့ဒီနှစ်နဲ့လာမယ့်နှစ်မှာ ဒေါ်လာ ဘီလျံ ၁၀၀ ဝန်းကျင်ရှိနေမယ်လို့လည်း Tech Crunch သတင်းမှာ ဖော်ပြခဲ့ပါတယ်။

         "ကျွန်တော်တို့ပစ္စည်းအစိတ်အပိုင်း ပံ့ပိုးမှု မရနိုင်ဘူး ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ၊ တက္ကသိုလ်တွေနဲ့ပူးပေါင်း လက်တွဲနိုင်မှာ မဟုတ်ပါဘူး။ အမေရိကန်က ထုတ်တဲ့ ဘယ်ပစ္စည်းတွေမှ သုံးလို့ရမှာ မဟုတ်သလို အဲဒီလို ပစ္စည်းတွေ သုံးတဲ့ ကွန်ရက်တွေနဲ့ချိတ်ဆက်လို့တောင် ရမှာ မဟုတ်ပါဘူး" လို့မစ္စတာရန်ဇီဖိန်းရဲ့ စကားကို ကိုးကားပြီး Reuters သတင်းမှာ ရေးသားထားပါတယ်။

Photo: Tech Crunch

         အခုလို ဆိုးရွားလှတဲ့ အခြေအနေတွေဟာ ထင်မှတ်ထားတာထက် ပိုကြီးနေပေမယ့် ကုမ္ပဏီရဲ့ ရှေ့ဆက်သွားမယ့် ခြေလှမ်းတွေကိုတော့ တားလို့ရမှာ မဟုတ်ဘူးလို့မစ္စတာရန်က ဆိုပါတယ်။ "ကျွန်တော်တို့အဖြစ်က တစ်ခြားအစိတ်အပိုင်းတွေ ထိမှန်ထားပြီး ဆီကန်နဲ့အင်ဂျင် ( နှလုံးသား) ပဲ ကာကွယ်ထားတဲ့ လေယာဉ်ပျံတစ်စင်းလိုပါပဲ။Huawei ဟာ အချိန်ကာလတွေကို ဖြတ်သန်းပြီး အတိုးနှုန်းအပြောင်းအလဲကာလရဲ့ စမ်းသပ်မှု ခံရပါလိမ့်မယ်။ ဒီအဆင့်ကို ကျော်ဖြတ်ရင်းနဲ့ကျွန်တေတို့ပိုပြီး အားကောင်း သန်မာလာပါလိမ့်မယ်။"

         Huawei ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ယွမ် ၇၂၁.၂ ဘီလျံ ( ဒေါ်လာ ၁၀၄ ဘီလျံ) ဝင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ Huawei အနေနဲ့နိုင်ငံခြား ငွေလဲနှုန်း အတက်အကျပေါ်လိုက်ပြီး ဒေါ်လာ ၁၂၅ ဘီလျံကနေ ဒေါ်လာ ၁၃၀ ဘီလျံ ဝင်ဖို့မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က