အမြတ်မယူဘဲ ရောင်းချသွားမှာပါ
Nyein Min Wai

e-Commerce ကုမ္ပဏီကြီး ဖြစ်တဲ့ Amazon ဟာ ကျန်းမာရေးသုံး Face Shield သိန်းပေါင်းများစွာ ထုတ်လုပ်ပြီး အမြတ်မယူဘဲ အမေရိကန်နိုင်ငံအတွင်း ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Amazon's Prime Air စက်မှုဒီဇိုင်းနဲ့ Hardware teams မှ အင်ဂျင်နီယာတွေဟာ ကိုရိုနာဗိုင်းရပ်စ်မျက်နှာကာ Face Shields တွေ ထုတ်လုပ်နေပြီး မကြာခင် Amazon ဝက်ဘ်ဆိုက်ပေါ်မှာ ရောင်းချသွားမှာ ဖြစ်တယ်လို့ CNET သတင်းက ဖော်ပြထားပါတယ်။ Amazon အင်ဂျင်နီယာတွေဟာ 3D ပရင့်ပိုင်း စေတနာ့ဝန်ထမ်းအဖွဲ့တစ်ခုနဲ့ ပေါင်းပြီး ပြန်အသုံးချနိုင်တဲ့ Face Shield တွေ ထုတ်နေတာလို့ ဆိုပါတယ်။


Photo: BBC

အင်ဂျင်င်နီယာတွေဟာ ဝါရှင်တန် ပြည်နယ် 3D Face Shield Hub မှ မျက်နှာကာဒီဇိုင်းတွေကို ပြုပြင်ပြီး ကျန်းမာရေးပညာရှင်တွေဆီက တုန့်ပြန်မှုကို အခြေခံပြီး ပိုမို သက်တောင့်သက်သာရှိတဲ့ ဒီဇိုင်းအဖြစ် အဆင့်မြှင့်လိုက်တာပါ။ ဒီဇိုင်းသစ်ဟာ တပ်ဆင်သူရဲ့ နဖူးပေါ် ဖိအားလျော့စေမယ့် ခေါင်းစည်းကြိုးတစ်ချောင်းသုံးထားပြီး ဆံပင် ၊ အဝတ်အစားတွေနဲ့ မငြိအောင် အနားစွန်းတွေ နည်းနိုင်သမျှ နည်းအောင် ထုတ်ထားတာ ဖြစ်ပါတယ်။

"နိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီက တိုးမြင့်လာတဲ့ တောင်းဆိုချက်တွေ အမြန်ဖြည့်ဆည်းပေးနိုင်ဖို့ Face Shields တွေ ထုတ်လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားတာပါ။ နောက်လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း အရေအတွက်သိန်းနဲ့ချီ ထုတ်နိုင်ပါလိမ့်မယ်။" လို့ Amazon Robotics ရဲ့ အင်ဂျင်နီယာနဲ့ ဒုဥက္ကဌ ဘရက်ပေါ်တာက ဆိုပါတယ်။

Amazon က ထုတ်လုပ်ထားတဲ့ Face Shields တွေကို ကျန်းမာရေးဝန်ထမ်းတွေဆီ ပထမဆုံး ရောင်းချသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှ Amazon ဖောက်သည်အားလုံးဆီ ရောင်းချသွားမှာပါ။ Amazon ဟာ မတ်လဆန်းပိုင်းက Face Shield ထုတ်မယ့်ကိစ္စ စတင်ခဲ့တာ ဖြစ်ပြီး ကျန်းမာရေးအတွက် ရှေ့တန်းက လှုပ်ရှားနေသူများအတွက် Face Shield ပေါင်း ၁ သောင်းနီးပါး လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။


Photo: CNET

Amazon ဟာ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း PPE များ ထုတ်လုပ်တဲ့ ပထမဆုံး နည်းပညာကုမ္ပဏီကြီးတော့ မဟုတ်ပါဘူး။ Apple ဟာ မတ်လထဲမှာ ဆေးရုံများအတွက် မျက်နှာကာများ ပေးပို့လှူဒါန်းခဲ့သလို Space X ၊ HP နဲ့ Ford စတဲ့ ကုမ္ပဏီကြီးတွေကလည်း မျက်နှာကာနဲ့ တစ်ခြား PPE ပစ္စည်းများ ကိုယ်တိုင်ထုတ်လုပ်လှူဒါန်းခဲ့ပါတယ်။

လက်ရှိ Amazon ဝက်ဘ်ဆိုက်ပေါ်မှာ တစ်ခြားရောင်းချသူတွေဟာ မျက်နှာကာတစ်ခုကို ၁၂ ဒေါ်လာကနေ ၃၅ ဒေါ်လာအကြား ဈေးတွေနဲ့ ရောင်းချနေပါတယ်။ Amazon ကတော့ ကုမ္ပဏီထုတ် Face Shield ကို အမြတ်အစွန်းမယူဘဲ ရောင်းချသွားမယ့်အကြောင်း ကြေညာထားတာကြောင့် ဈေးသိသိသာသာ သက်သာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က