မေလ ၃၀ ရက်နေ့ ပြန်လွှင့်တင်သွားမှာပါ
Nyein Min Wai

ကိုးနှစ်အတွင်း အမေရိကန်မြေပေါ်မှ ပထမအကြိမ် အာကာသထဲ ပြန်သွားမယ့် အစီအစဉ်ဟာ ရာသီဥတုကြောင့် အာကာသယာဉ်လွှင့်တင်ခါနီး မိနစ်ပိုင်းအလိုမှာ ဖျက်သိမ်းလိုက်ရတယ်လို့ ဆိုပါတယ်။

SpaceX ဟာ နာဆာအာကာသယာဉ်မှူး နှစ်ဦးဖြစ်တဲ့ ဒေါက်ဟာလေနဲ့ ဘော့ပ်ဘားခန်တို့ကို နိုင်ငံတကာအာကာသယာစခန်း ISS ထဲ ပို့ဆောင်ဖို့ စီစဉ်ထားတာပါ။ ကနေဒီအာကာသစင်တာကနေ လွှင့်တင်မှာ ဖြစ်ပေမယ့် လေထုအခြေအနေစိတ်တိုင်းမကျတာကြောင့် မြေပြင်မှ လွှင့်တင်ခါနီး ၁၆ မိနစ်မှာ ရပ်ခဲ့တာ ဖြစ်တယ်လို့ BBC သတင်းမှာ ဆိုပါတယ်။


Photo: NASA

သတ်မှတ်လွှင့်တင်ချိန်အပြီး တစ်နာရီလောက်မှာ အခြေအနေကောင်းမွန်သွားပေမယ့် SpaceX ရဲ့ လွှင့်တင်မှုကို မေလ ၃၀ ရက် စနေနေ့ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ စနေနေ့မှာ အဆင်မပြေရင်တော့ တနင်္ဂ‌နွေနေ့မှာ လွင့်တင်မှာ ဖြစ်တယ်လို့ BBC သတင်းက ဆိုပါတယ်။ ယခုတစ်ကြိမ် အမေရိကန်ရဲ့ အာကာသခရီးဟာ သမိုင်းတွင်မယ့် ခရီး ဖြစ်လာနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အာကာသအတွင်း လွှင့်တင်ပေးဖို့အတွက် ရုရှားကို ၁၀ နှစ်နီးပါး အားကိုးခဲ့ရတာပါ။ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ အာကာသယာဉ်များ အနားပေးခဲ့ပြီးနောက် အမေရိကန်ဟာ ISS ဆီ အာကာသယာဉ်မှူး စေလွှတ်ဖို့ ရုရှားထုတ် Soyuz rockets တွေကို အားကိုးခဲ့ရတာပါ။ 

ဒီတစ်ကြိမ်မှာတော့ အီလွန်မတ်စ်ပိုင် SpaceX ဟာ အာကာသယာဉ်မှူးတွေကို ပထမဆုံးအကြိမ် အာကာသယာဉ်စခန်း ISS ကို ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ လေထုထဲ လျှပ်စစ်ဓါတ်အားများလွန်းတဲ့ အခြေအနေက SpaceX ရဲ့ လွှင့်တင်မှုကို ဖျက်သိမ်းဖို့ ဖြစ်လာခဲ့တာပါ။ ၁၉၆၉ ခုနှစ်က Apollo 12 မစ်ရှင်မှာ ဒုံးပျံထဲမှ အာကာသယာဉ်မှူးတွေဟာ မိုးကြိုးမုန်တိုင်းဒဏ်ခံခဲ့ရပြီး အရေးမကြီးတဲ့ အာရုံခံစနစ် ၉ ခုလည်း ပျက်စီးခဲ့ဖူးပါတယ်။

 "ဒီနေ့ စိတ်ပျက်စရာအများကြီး ဖြစ်ခဲ့တာ သိပါတယ်။ရာသီဥတုက ကျွန်တော်တို့ကို ကမောက်ကမဖြစ်စေခဲ့ပါတယ်" လို့ နာဆာအုပ်ချုပ်ရေးမှူး ဂျင်ဘရိုင်ဒန်စတိုင်းက ဆိုပါတယ်။ ဒါပေမယ့်လည်း နာဆာနဲ့ SpaceX တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် ချီးကျူးပြောဆိုခဲ့ပါတယ်။

အမေရိကန်အာကာသယာဉ်မှူးများဖြစ်တဲ့ ဘော့ပ်ဘာခန်နဲ့ ဒေါက်ဟာလေ (Photo: Business Insider)


အမေရိကန်နိုင်ငံအနေနဲ့ အမေရိကန်မြေပေါ်ကနေ အမေရိကန်အာကာသယာဉ်မှူးတွေကို အမေရိကန်ထုတ် ဒုံးပျံပျံနဲ့ လွှင့်တင်တော့မယ်လို့ နာဆာအုပ်ချုပ်ရေးမှူးဟာ မေလ ၁ရက်နေ့က ပြောခဲ့ပါတယ်။ မစ်ရှင်အရ ဘားခန်နဲ့ ဟာလေတို့ဟာ Falcon 9 rocket နဲ့ လွှင့်တင်ပြီးနောက် SpaceX ရဲ့ Crew Dragon အာကာသယာဉ်နဲ့ ကမ္ဘာပတ်လမ်းထဲ ဝင်ရောက်ကာ နိုင်ငံတကာအာကာသယာဉ်စခန်းမှာ ဆင်းသက်မှာပါ။

နာဆာနဲ့ SpaceX တို့ အတူ ပူးပေါင်းမယ့် ဒီမစ်ရှင်ကို Demo-2 လို့ နာမည်ပေးထားပြီး အာကာသာယာဉ်မှူး နှစ်ဦးကတော့ ကမ္ဘာမြေဆီ ပြန်မလာခင်အထိ ရက်ပေါင်း ၁၁၀ အထိ အာကာသယာဉ်စခန်းမှာ နေထိုင်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က