ငွေဒဏ် ဒေါ်လာ ၁၀၀၀ နဲ့ ထောင်ဒဏ် ၁ နှစ် ချနိုင်မှာပါ

ဗားမောင့်မှ လွှတ်တော်အမတ်တစ်ယောက်ဟာ အသက် ၂၁ နှစ်အောက် မည်သူမဆို ဖုန်းကိုင်ခွင့် ပိတ်ပင်နိုင်မယ့် ဥပဒေတစ်ရပ် တင်သွင်းခဲ့ပါတယ်။

S.212 လို့ ခေါ်တဲ့ ဒီဥပဒေကြမ်းကို ပြည်နယ်အမတ်တစ်ဦးဖြစ်တဲ့ ဂျွန်ရော့ဂျာစ်းက တင်သွင်းခဲ့တာ ဖြစ်တယ်လို့ Business Insider သတင်းက ဆိုပါတယ်။ စာမျက်နှာ ၂ မျက်နှာပဲ ရှိတဲ့ ဒီဥပဒေကြမ်းဟာ ဆိုက်ဘာအနိုင်ကျင့်မှု ၊ အွန်လိုင်းပေါ်က အစွန်းရောက်လုပ်ရပ်များ လုပ်ဆောင်ခြင်းနဲ့ ကားမောင်းနှင်နေစဉ် ဖုန်းသုံးပြီး စာပို့ခြင်းတွေကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားဖို့ အတွက် ရေးဆွဲတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဗားမောင့်အမတ် ဂျွန်ရော့ဂျာစ်း


" အထွေထွေအစည်းအဝေးရဲ့ မှတ်ချက် ရှိပါတယ်။ အသက် ၂၁ နှစ်အောက်အရွယ်တွေဟာ သေနတ်တွေ ၊ စီးကရက်နဲ့ အရက်သေစာ လက်ဝယ်သုံးစွဲဖို့ မသင့်သလိုပါပဲ။ငယ်ရွယ်သူတွေအနေနဲ့ ဆဲလ်ဖုန်းသုံးခြင်းကြောင့် ဖြစ်လာမယ့် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ အကျိုးဆက်တွေကြောင့် အသက် ၂၁ နှစ်အောက် အရွယ် လူငယ်တွေဟာ ဆဲလ်ဖုန်းကို ဘေးကင်းကင်းနဲ့ သုံးဖို့ အရွယ်မရောက်သေးဘူးဆိုတာ ရှင်းပါတယ်။" လို့ ဥပဒေကြမ်းမှာ ရေးသားထားပါတယ်။

အင်တာနက်နဲ့ လူမှုကွန်ရက်မီဒီယာတွေကို ဆဲလ်ဖုန်းတွေကနေ ပင်တိုင်သုံးကြတာ ဖြစ်ပြီး ဆဲလ်ဖုန်းသုံးစွဲမှုကို ထိန်းချုပ်ခြင်းဖြင့် အစွန်းရောက်ဝါဒနဲ့ အွန်လိုင်းပေါ်က အကြမ်းဖက်မှုတွေ ကန့်သတ်နိုင်မယ်လို့ ဥပဒေကြမ်းက ယူဆထားတာပါ။ "အရင်က ဖြတ်ခဲ့တဲ့ လူအစုလိုက် အပြုံလိုက် ပစ်ခတ်မှုတွေကို သုတေသန ပြုချက်အရ ငယ်ရွယ်တဲ့ လူအစုလိုက်သတ်ဖြတ်သူတွေဟာ ဆဲလ်ဖုန်းတွေကို မကြာခဏဆိုသလို အသုံးပြုကြတာတွေ့ရပါတယ်" လို့ ဥပဒေကြမ်းက ဆိုပါတယ်။

ယခုဥပဒေအရ အသက် ၂၁ နှစ် မပြည့်ခင် ဖုန်းကိုင်သူတွေကို ငွေဒဏ် ဒေါ်လာ ၁၀၀၀ နဲ့ အမြင့်ဆုံး ထောင် ၁ နှစ်အထိ ချနိုင်မှာပါ။ ဗားမောင့်ဟာ မကြာသေးခင်ကပဲ အသက် ၂၁ နှစ်အောက် လူငယ်များ သေနတ်ဝယ်ယူမှု ပိတ်ပင် တားမြစ်တဲ့ ဥပဒေတစ်ရပ် ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က