ဒီဗွီဒီယိုကို ရက် ၃၀ အတွင်း ဖျက်ပေးမှာပါ
Nyein Min Wai

Facebook ဟာ အကောင့်တုပြဿနာကို ဖြေရှင်းဖို့ အကောင့်စစ်ဆေးတဲ့ စနစ်သစ်တစ်မျိုးကို တိတ်တဆိတ် စမ်းသပ်နေတယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်ကုမ္ပဏီကြီးဖြစ်တဲ့ Facebook ဟာ သုံးစွဲသူတွေရဲ့ အကောင့် အစစ်အမှန် ဟုတ်မဟုတ် သိရဖို့ ဗွီဒီယိုအခြေပြု စစ်ဆေးတဲ့စနစ်ကို အကန့်အသတ်နဲ့ စမ်းသပ်နေတယ်လို့ Daily Mail သတင်းက ဖော်ပြထားပါတယ်။ ဒီစမ်းသပ်မှုအရ အကောင့်ထဲ ဝင်မယ်ဆိုရင် screen ပေါ် တက်လာမယ့် စက်ဝိုင်းပုံ ကင်မရာ Frame မှာ မျက်နှာကို အနေအထားအမျိုးမျိုးနဲ့ ဗွီဒီယိုတို ရိုက်ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။


Photo: Opentaak

ဒီ feature သစ်ကို ဟောင်ကောင် အခြေစိုက် နာမည်ကျော် developer တစ်ဦးဖြစ်တဲ့ Jane Manchun Wong က Source code ကနေ စတင်တွေ့ရှိခဲ့တာပါ။ Fast Company သတင်းမှာ ဖော်ပြမှုအရ Facebook ဟာ သုံးစွဲသူရဲ့အချက်အလက်အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ရက် ၃၀ မှာ ဒီဗွီဒီယိုကို ဖျက်ပစ်မယ်လို့ ဆိုပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး အကောင့်ပိုင်ရှင်ရဲ့ မျက်နှာနဲ့ Log In ဝင်နိုင်မယ့်စနစ်ကို စမ်းသပ်နေတယ်လို့ သတင်းထွက်ထားပါတယ်။ မျက်နှာဖတ်စနစ်ဟာ ရှေ့ကင်မရာအကူအညီနဲ့ သုံးစွဲသူရဲ့ မျက်နှာကို ဖတ်တာ ဖြစ်လို့ Facebook ရဲ့ ဒီ feature ဟာ privacy ပိုင်းအရ လုံခြုံမှု ရှိမရှိ မေးခွန်းထုတ်စရာ ဖြစ်နိုင်ပါတယ်။ Facebook ဟာ သုံးစွဲသူတွေရဲ့ အချက်အလက် ကာကွယ်ရေးမှာ အားနည်းချက် ရှိထားတဲ့ လူမှုကွန်ရက်ကုမ္ပဏီလည်း ဖြစ်ပါတယ်။

တကယ်လို့ သုံးစွဲသူရဲ့ မျက်နှာနဲ့ Facebook အကောင့်ထဲ တိုက်ရိုက် log in ဝင်မယ့်စနစ်ဟာ လုံခြုံစိတ်ချမှု ရှိမယ်ဆိုရင် အကောင့်စကားဝှက် မေ့သူတွေအတွက် အဆင်ပြေနိုင်ပါတယ်။ တစ်ဖက်မှာလည်း Facebook ရဲ့ မျက်နှာပြင်ဖတ် နည်းပညာ သုံးစွဲမှုဟာ ဥပဒေ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ဝေဖန်မှုများ ရှိနေပါတယ်။


က္က