တောင်ကိုရီးယား display ကုမ္ပဏီကြီး ဖြစ်တဲ့ Samsung Display ဟာ ဒီနှစ်အကုန်မှာ တရုတ်နဲ့ တောင်ကိုရီးယားမျာ ရှိတဲ့ LCD panel ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထား‌ကြောင်း ကြေညာထားပါတယ်။

ယခုသတင်းကို အင်္ဂါနေ့ကပဲ ကုမ္ပဏီရဲ့ ပြောခွင့်ရအမျိုးသမီးမှ အတည်ပြုလိုက်တာလို့ US News သတင်းက ဆိုပါတယ်။ LCD Panel ဝယ်လိုအား ကျဆင်းလာခြင်းနဲ့ ပစ္စည်းထောက်ပံ့မှုအလွန်အကျွံ များလာခြင်းကြောင့် တောင်ကိုရီးယား LCD ထုတ်လုပ်မှု နှစ်ခုထဲက တစ်ခုကို ရပ်ဆိုင်းကြောင်း Samsung Electronics လုပ်ငန်းစုပိုင် Samsung Display မှ ပြီးခဲ့တဲ့အောက်တိုဘာလထဲမှာ ကြေညာပါတယ်။




Photo: Nasdaq

" နှစ်ကုန်တဲ့အထိတော့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို LCD အော်ဒါအမှာစာတွေ ပေးပို့သွားမှာပါ" လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ Samsung Display နဲ့ ပြိုင်ဘက်ဖြစ်တဲ့ LG Display ကလည်း ၂၀၂၀ အကုန်မှာ တောင်ကိုရီးယား ပြည်တွင်း LCD TV panel များ ထုတ်လုပ်မှု ရပ်ဆိုင်းသွားမယ်လို့ နှစ်ဆန်းပိုင်းက ပြောထားပါတယ်။

Apple အတွက် panel ပစ္စည်းထောက်ပံ့နေတဲ့ ဒီကုမ္ပဏီဟာ ကုန်ထုတ်လုပ်မှုပိုင်း အဆင့်မြှင့်တင်ဖို့ လုပ်ငန်းခွင်နဲ့ သုတေသနပိုင်းမှာ ကိုရီးယား ဝမ် ၁၃.၁ ထရီလီယံ (ဒေါ်လာ ၁၀.၇၂ ဘီလျံ) ရင်းနှီးမြှပ်နှံသွားမယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်ကြာ ရင်းနှီးမြှပ်နှံမှုဟာ ပိုမိုအဆင့်မြင့်တဲ့ Quantum Dot Screens များ အကြီးအကျယ်ထုတ်လုပ်ဖို့အထိ ရည်မှန်းထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ Samsung ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ Display စက်ရုံတည်ဆောက်ဖို့ ဒေါ်လာ သန်း ၅၀၀( ရူပီး ကု‌ဋေ ၃၅၀၀ ကျော်) ရင်းနှီးမြှပ်နှံသွားမယ်လို့ ကြေညာထားပါတယ်။ ဒီစက်ရုံဟာ စမတ်ဖုန်းတွေနဲ့ တစ်ခြား အီလက်ထရွန်းနစ် ထုတ်ကုန်အမျိုးမျိုးအတွက် display မျိုးစုံ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


Photo: Reuters

Samsung ဟာ Active Matrix Organic Light Emitting Displays လို့ ခေါ်တဲ့ AMOLED panel တင်ပို့မှုကနေ အမြတ်အစွန်းများ ရရှိနေတာ ဖြစ်ပါတယ်။ IHS Markit Technology ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ တတိယသုံးလပတ်အတွင်း Samsung ဟာ စမတ်ဖုန်း display တင်ပို့မှုအားလုံးရဲ့ ၂၉% ကို လွှမ်းခြုံထားပြီး ဒုတိယသုံးလပတ်မှာ ရခဲ့တဲ့ ဈေးကွက်ရှယ်ယာ ၂၁.၃% ထက် ပိုမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်အတွင်း high-end ဖုန်းတွေမှာ AMOLED display နည်းပညာ သုံးစွဲမှု မြင့်မားလာခဲ့ပြီး တတိယသုံးလပတ်အတွင်း AMOED panel ပါ စမတ်ဖုန်းတင်ပို့မှုဟာ စုစုပေါင်း ၁၄၆ သန်းအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က