လူအချင်းချင်း ထိတွေ့မှု ပိုမို လျှော့ချနိုင်ဖို့ပါ

တောင်ကိုရီးယား ကြိုးမဲ့တယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်တဲ့ SK Telecom ဟာ COVID-19 ကူးစက်မှု ကာကွယ်ရေး အစီအစဉ်တစ်ခုအနေနဲ့ ပိုးသတ်ခြင်းနဲ့ စောင့်ကြည့်မှုလုပ်ငန်းစဉ်တွေမှာ အလိုအလျောက်စနစ်သုံး စက်ရုပ်သစ်တွေ တီထွင်အသုံးပြုနေတယ်လို့ ဆိုပါတယ်။

အလိုအလျောက်စနစ်သုံး ပိုးသတ်စက်ရုပ်တွေကို တောင်ကိုရီးယားစက်မှုလုပ်ငန်းတစ်ခု ဖြစ်တဲ့ Omron နဲ့ ပူးပေါင်းပြီး တီထွင်ထားတာ ဖြစ်ပါတယ်။ ဒီစက်ရုပ်တွေဟာ ခရမ်းလွန်ရောင်ခြည် မီးအိမ်တွေ သုံးပြီး ဆိုးလ်မြို့ တယ်လီကွန်းရုံးချုပ်တွေမှာ ရှိတဲ့ ရုံးခန်းနေရာတွေမှာ ပိုးသတ်သွားမှာပါ။ စက်ရုပ်တွေဟာ အနားမှာရှိတဲ့ လူတွေရဲ့ ကိုယ်အပူချိန် တိုင်းတာနိုင်သလို Face Mask တွေ တပ်ဆင်ထားသလားဆိုတာပါ စစ်ဆေးသွားမယ်လို့ ZDNet သတင်းမှာ ဖော်ပြထားပါတယ်။




Photo: ZDNet

Face Mask တပ်မထားတဲ့သူတွေကို တပ်ဆင်ဖို့လည်း စက်ရုပ်က တိုက်တွန်းပြောဆိုနိုင်မယ်လို့ SK Telecom က ပြောပါတယ်။ စက်ရုပ်မှာ SK Telecom ရဲ့ မျက်နှာပြင်ဖတ်နည်းပညာ သုံးထားတာကြောင့် လူအုပ်ကြားထဲက Mask တပ်မထားသူကို ထောက်လှမ်းသိရှိနိုင်မယ်လို့ ဆိုပါတယ်။ ဒီစက်ရုပ်ဟာ အပူချိန်အချက်အလက်ကို 5G ကွန်ရက်ကတစ်ဆင့် ဗဟိုဆာဗာတစ်ခုဆီ ပေးပို့သွားမှာ ဖြစ်ပါတယ်။

COVID-19 ကပ်ဘေးအတွင်း ရောဂါစောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ လူအင်အားကို စက်ရုပ်တွေနဲ့ လျှော့ချနိုင်မယ်လို့လည်း SK Telecom က မျှော်လင့်ထားပါတယ်။ လောလောဆယ်တော့ ဒီစက်ရုပ်တွေကို SK Telecom ရုံးချုပ်တွေမှာပဲ အသုံးပြုသွားမှာ ဖြစ်ပြီး ၂၀၂၀ နှစ်ဝက်မှာ တောင်ကိုရီးယားနိုင်ငံအတွင်း ဖြန့်ချိရောင်းချသွားမယ်လို့ ဆိုပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်မှာတော့ ဒီပိုးသတ်စက်ရုပ်တွေကို နိုင်ငံခြားဈေးကွက် တင်ပို့သွားဖို့ စီစဉ်ထားပါတယ်။

SK Telecom ရဲ့ ပြိုင်ဘက် KT တယ်လီကွန်းကုမ္ပဏီဟာလည်း ကုမ္ပဏီရဲ့ စမတ်ဖုန်းသိုလှောင်ရုံများအတွက် ဝန်ထမ်းအင်အားလျှော့ချဖို့ 5G ချိတ်ဆက်မှုပါတဲ့ အလိုအလျောက်စနစ်သုံး တွန်းလှည်းများ သုံးနေတယ်လို့ ဆိုပါတယ်။ KT တယ်လီကွန်းဟာ ကုမ္ပဏီရဲ့ 5G ကွန်ရက်နဲ့ ကီလိုမီတာ ၃၆၀၀၀ (မိုင် ၂၂၃၇၀ ခန့်) အကွာက ဂြိုလ်တုတစ်ခုအကြား အချက်အလက် အောင်အောင်မြင်မြင် ပေးပို့နိုင်ထားပါတယ်။

တောင်ကိုရီးယားဟာ လက်ရှိမှာ 5G အတွက် လှိုင်းနှုန်းစဉ် 2680MHz ခွဲဝေထားပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ နောက်ထပ် လှိုင်းနှုန်းစဉ် 2640MHz ထပ်တိုးပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က