မေလ ၄ ရက်နေ့က စတင်ပြီး မဖြစ်မနေ အသုံးပြုရမှာပါ

အစိုးရရေးဆွဲထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ခြေရာခံ app ကို ဝန်ထမ်းအားလုံး မဖြစ်မနေအသုံးပြုဖို့ အိန္ဒိယအစိုးရမှ ညွှန်ကြားထားပါတယ်။

COVID-19 ထိတွေ့မှုခြေရာခံ app တွေဟာ တစ်ခြားနိုင်ငံတွေမှာ မိမိသဘောဆန္ဒအလျောက် အသုံးပြုဖို့ ဖြန့်ချိထားတာ ဖြစ်ပြီး အိန္ဒိယမှာတော့ အစိုးရအမိန့်နဲ့ မဖြစ်မနေသုံးရတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယပြည်ထဲဝန်ကြီးဌာနဟာ မေလ ၄ ရက်နေ့က စတင်ပြီး အစိုးရဌာနမှ ရေးဆွဲထားတဲ့ Aarogya Setu app ကို ပုဂ္ဂလိကနဲ့ အများပိုင် လုပ်ငန်းများမှ ဝန်ထမ်းအားလုံး အသုံးပြုဖို့ ညွှန်ကြားထားတာ ဖြစ်တယ်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။



Photo: BR Softtech

ကုမ္ပဏီတွေနဲ့ အစိုးရဌာနဆိုင်ရာ အကြီးအကဲတွေအနေနဲ့ Aarogya Setu app ထည့်သွင်းဖို့ ကြပ်မတ်တာဝန်ယူရမှာ ဖြစ်ပြီး လိုက်နာဖို့ ပျက်ကွက်ပါကလည်း ပြစ်ဒဏ်ပေးသွားမယ်လို့လည်း အစိုးရဘက်မှ ဆိုပါတယ်။ စမတ်ဖုန်းသုံးစွဲသူ သန်း ၅၀၀ ခန့် ရှိတဲ့ အိန္ဒိယနိုင်ငံမှာ Aarogya Setu app ကို ဒေါင်းလုပ်ဆွဲတဲ့ အကြိမ်ပေါင်း ၈၃ သန်းခန့် ရှိထားပါတယ်။

ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့တဲ့ Aarogya Setu app ဟာ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေး တွေ့ရှိသူနဲ့ ထိတွေ့ဖွယ်ရှိသူတွေကို Bluetooth နဲ့ GPS အခြေခံစနစ်တွေကနေ အသိပေးမယ့် app ဖြစ်ပါတယ်။ Aarogya Setu app အတွက် privacy မူဝါဒ အကြံပေးရှေ့နေတစ်ယောက်နဲ့ နည်းပညာဝန်ကြီးဌာန အာဏာပိုင်တွေကတော့ လူသန်း ၁၃၀၀ ခန့် ရှိတဲ့ အိန္ဒိယနိုင်ငံအတွင်း အနည်းဆုံး မိုဘိုင်းဖုန်း သန်း ၂၀၀ မှာ ရှိဖို့ လိုတယ်လို့ Reuters သတင်းဌာနကို ပြောကြားထားပါတယ်။

ဝန်ကြီးချုပ် နာရန်ဒရာမိုဒီအစိုးရဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသွားအလာ ကန့်သတ်မှုကို တနင်္လာနေ့ကစပြီး နောက်ထပ် နှစ်ပတ်တိုးဖို့ ရှိကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။ မေလ ၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ ၃၇၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၂၁၈ ဦးအထိ ရှိထားတယ်လို့ Reuters သတင်းက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က