၂၀၂၀ နှစ်လယ်မှာ တစ်ခြားနိုင်ငံတွေက Facebook ရုံးတွေမှာလည်း တိုးပေးသွားမှာပါ

နေထိုင်မှု စရိတ်စကတက်လာနေတာကြာင့် Facebook ဟာ ကုမ္ပဏီမှာ စာချုပ်နဲ့အလုပ်လာလုပ်နေတဲ့ အမေရိကန်မှ အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ တိုးပေးထားတယ်လို့ဆိုပါတယ်။

         Facebook ဟာ ဆန်ဖရန်စစ္စကို Bay Area ၊ နယူးယော့ခ်နဲ့ဝါရှင်တန် ဒီစီတို့က contract worker တွေရဲ့ အနည်းဆုံး တစ်နာရီ လုပ်ခကို ဒေါ်လာ ၂၀ နဲ့ဆီယက်တဲလ်မှာ တစ်နာရီ ၁၈ ဒေါ်လာနှုန်းထားကို တိုးမြှင့်ပေးလိုက်တယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။ဒီသတင်းမှာပဲ Facebook ကနေ ငှားထားတဲ့ အပြင်ကန်ထရိုက်ဝန်ထမ်းတွေရဲ့ အသုံးစရိတ် လောက်ငစေဖို့တစ်နာရီ ၁၅ ဒေါ်လာဟာ အဆင်မပြေတာကို သိကြောင်း Facebook ကနေ ပြောကြားထားတယ်လို့ဆိုပါတယ်။

         ကမ္ဘာ့အကြီးဆုံး Social Media ကုမ္ပဏီကြီး ဖြစ်တဲ့ Facebook ဟာ Bay Area ၊ နယူးယော့ခ်နဲ့ဝါရှင်တန် ဒီစီက Content Reviewers လုပ်တဲ့ ဝန်ထမ်းတစ်ယောက်ကို အနည်းဆုံး ၂၂ ဒေါ်လာ ပေးသွားမယ်လို့လည်း ပြောပါတယ်။ ဆီယက်တဲလ်မှာ နေတဲ့ Facebook content စောင့်ကြည့်သူတွေကိုတော့ တစ်နာရီ ဒေါ်လာ ၂၀ နှုန်း ၊ တစ်ခြား အမေရိကန်မြို့ကြီးတွေမှာ နေထိုင်သူတွေကို တစ်နာရီ ၁၈ ဒေါ်လာနှုန်း ပေးသွားမှာပါ။

         လူမှုကွန်ရက်စည်းမျဉ်းနဲ့မညီတဲ့ ဓါတ်ပုံနဲ့ပို့စ်တွေကို ကြည့်ရှုစိစစ်ရတဲ့ Content Reviewer တွေဟာ Facebook ရဲ့အရေးပါတဲ့ ဝန်ထမ်းတွေ ဖြစ်ပြီး ကုမ္ပဏီအတွင်းမှာ content reviewer ပေါင်း ၁၅၀၀၀ ခန့်ရှိထားပါတယ်။ Facebook ဟာ Cognizant ၊ Accenture နဲ့Genpact တို့လို ပြင်ပဝန်ထမ်းကုမ္ပဏီတွေကလည်း content စောင့်ကြည့်တဲ့ ဝန်ထမ်းတွေ ခေါ်ယူထားတာပါ။

Photo: Business Insider

         Facebook အနေနဲ့အနည်းဆုံး လုပ်ခလစာပေးမှု တိုးရတာလည်း အကြောင်းရှိပါတယ်။ ကုမ္ပဏီရဲ့ Content Moderators တွေဟာ ဘေးကင်းတဲ့ လုပ်ငန်းခွင်မရမှုနဲ့Facebook ကို ကယ်လီဖိုးနီးယားဥပဒေချိုးဖောက်ကြောင်း တရားစွဲခဲ့တာကြောင့် ဖြစ်ပါတယ်။ တရားစွဲမှုမှာ စိတ်ဒဏ်ရာ ရတာ ၊ Facebook ပေါ် Live လွှင့်ပြီး ကိုယ့်ကိုယ်ကို သတ်သေမှု ၊ အကြမ်းဖက်မှုတွေပဲ အမြဲကြည့်ရတဲ့ ဖိအားကြောင့် စိတ်မမှန်တဲ့ လက္ခဏာတွေ ဖြစ်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။

         " ပြင်ပက လမ်းညွှန်မှုတွေအပါအဝင် အချက်အလက်တွေအများကြီး သုံးသပ်ပြီးတဲ့နောက်မှာ ဒေသအလိုက် လူနေမှုစရိတ်စကတွေနဲ့ပိုပြီး အဆင်ပြေစေမယ့် လစာပေးနှုန်းစံတစ်ခု လုပ်နေပါတယ်။ " လို့Facebook ကနေ ထုတ်ပြန်တဲ့ ဘလော့ဂ်မှာ ဆိုပါတယ်။

         Facebook ဟာ ၂၀၁၅ ခုနှစ်မှာ contract workers များအတွက် အနည်းဆုံး လုပ်အားခကို ၁၅ ဒေါ်လာ တိုးပေးခဲ့ပြီး နည်းပညာကျွမ်းကျင်သူတွေနဲ့လစာနည်းတဲ့ ဝန်ထမ်းများအကြား ကွာဟချက် ကျဉ်းမြောင်းအောင် ကြိုးစားခဲ့ပါတယ်။ Facebook အနေနဲ့လာမယ့်နှစ်လယ်မှာ လုပ်ခလစာသစ်အစီအစဉ် စတင်သွားမှာ ဖြစ်ပြီး အလားတူ အနည်းဆုံး လုပ်ခလစာတိုးပေးမှုကို တစ်ခြားနိုင်ငံတွေမှာလည်း အကောင်အထည်ဖော်သွားမယ်လို့ဆိုပါတယ်။

         ၂၀၁၈ ခုနှစ်အတွင်း Amazon ဟာ လုပ်ခလစာပေးမှု နည်းခြင်းနဲ့လုပ်ငန်းခွင်အနေအထား အဆင်မပြေခြင်းများကြောင့် ဝေဖန်ခံရပြီး အလုပ်သမားတွေရဲ့ အနည်းဆုံး လုပ်ခလစာကို တစ်နာရီ ၁၅ ဒေါ်လာ တိုးပေးခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က