PTSD ဝေဒနာခံစားရသူတွေကို ပိုတိုးပေးမှာပါ

အလုပ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရတဲ့ လူမှုကွန်ရက်ပေါ်က အကြောင်းအရာဆန်းစစ်စောင့်ကြည့်တဲ့ ဝန်ထမ်းတွေကို ဒေါ်လာ ၅၂ သန်းပေးဖို့ Facebook က သဘောတူလိုက်တယ်လို့ ဆိုပါတယ်။

ဆန်မာတီအိုအထက်တရားရုံးမှာ သောကြာနေ့က သဘောတူညီချက်အရ Facebook ဟာ အလုပ်သဘောကြောင့် စိတ်ပိုင်းဆိုင် ထိခိုက်ခံစားခဲ့ရတဲ့ အမေရိကန် content moderators တွေအတွက် နစ်နာကြေးပေးမှာ ဖြစ်ပြီး အလုပ်မှာလည်း အကြံပေးဆွေးနွေးမှုတွေ ထပ်တိုး လုပ်ဆောင်သွားမယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။



လက်ရှိအလုပ်နေသူများရော moderators ဟောင်းများအတွက်ပါ တစ်ဦးကို အနည်းဆုံး ဒေါ်လာ ၁၀၀၀ ပေးသွားမှာ ဖြစ်ပြီး တကယ်လို့ PTSD လို့ခေါ်တဲ့ စိတ်ဒဏ်ရာရခဲ့တဲ့ သူတွေနဲ့ တစ်ခြားဆက်စပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ‌‌ဝေဒနာခံစားခဲ့ရသူတွေကိုတော့ ထပ်ပြီး လျော်ကြေး တိုးပေးသွားမှာပါ။

Photo: foxnews

ယခုသဘောတူညီမှုဟာ moderators ပေါင်း ၁၁၂၅၀ နဲ့ အကျုံးဝင်မှာ ဖြစ်ပြီး ရှေ့နေတွေကတော့ moderators တွေရဲ့ ထက်ဝက်ခန့်ဟာ အလုပ်ခွင်ကြောင့် စိတ်ဓါတ်ကြတဲ့ စိတ်စွဲလမ်းခြင်း စတဲ့ စိတ်ကျန်းမာရေးပြသနာတွေနဲ့ ဆက်စပ်ပြီး အပိုလျော်ကြေးရနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ content moderator တွေဟာ လူမှုကွန်ရက်ပေါ် တက်လာကြတဲ့ မုဒိန်းမှု ၊ လူသတ်မှုနဲ့ကိုယ့်ကိုယ်ကို သတ်သေခြင်း စတဲ့ အနိဌာရုံနဲ့ ဆက်စပ်တဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကိုလည်း ထပ်တလဲလဲ ကြည့်ရတာပါ။

"Facebook ဘက်က အခုလို ကျွန်တော်တို့နဲ့ လက်တွဲပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်ကအထိ စိတ်ကူးတောင် မယဉ်နိုင်စရာ အလုပ်ကို လုပ်ခဲ့ရသူတွေကို ကူညီဖို့ ထူးခြားတဲ့ အစီအစဉ်တစ်ခု ဖန်တီးလာတဲ့အတွက် ဝမ်းသာပါတယ်။" လို့ တရားလိုများရဲ့ ရှေ့နေ စတိဗ်ဝီလျံက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ Facebook ရဲ့ moderator ဟောင်း ဆီလီနာစကိုလာဟာ သူမမှာ PTSD စိတ်ဒဏ်ရာရခဲ့ပြီးနောက် ကုမ္ပဏီကို တရားစွဲခဲ့ပါတယ်။ စကိုလာဟာ အလုပ်မှာ ၉ လကြာ လူမှုကွန်ရက်အကြောင်းအရာ ဆန်းစစ်သူ လုပ်ပြီးနောက် PTSD လက္ခဏာတွေ ခံစားလာရသူ ဖြစ်ပါတယ်။ ပြည်နယ် ၄ ခုမှာ ရှိတဲ့ Facebook moderators ဟောင်းတွေကလည်း Facebook ဟာ ဘေးကင်းတဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲတိုင်ကြားခဲ့ပါတယ်။

Photo: CNET

အခုလို သဘောတူညီချက်ကြောင့် အလုပ်ခွင်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရသူတွေဟာ ဆေးကုသစရိတ် ဒေါ်လာ ၁၅၀၀ ကနေ ဒေါ်လာ ၆၀၀၀ အထိ အပိုထပ်ဆောင်းရသွားမှာပါ။ ကုမ္ပဏီမှာ အလုပ်လုပ်နေစဉ် တစ်ခြား ထိခိုက်ဒဏ်ရာများ ရခဲ့‌ကြောင်း အထောက်အထားပြနိုင်သူတွေဟာ ဆေးကုသစရိတ်အပြင် နစ်နာမှုအလိုက် ဒေါ်လာ ၅၀၀၀၀ အထိ ရမှာပါ။ Facebook Moderators တစ်ယောက်ရဲ့ နှစ်စဉ်လုပ်ခလစာဟာ ဒေါ်လာ ၂၈၈၀၀ ခန့်အထိ ရှိပါတယ်။ 

Facebook ဟာ အန္တရာယ်ရှိတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို ထပ်ခါတလဲလဲကြည့်ရတာကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချဖို့ Content Moderation Tools မှာ အပြောင်းအလဲများ လုပ်ဆောင်သွားဖို့လည်း သဘောတူထားပါတယ်။ ဒီ tools တွေမှာ အသံကို အသေပိတ်ထားပြီး ဗွီဒီယိုတွေကိုလည်း အဖြူ/အမည်း ပြောင်းထားမယ်လို့ ဆိုပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ Content Moderation tools တွေကို အကြောင်းအရာဆန်းစစ်လေ့လာသူတွေရဲ့ ၈၀%၊ ၂၀၂၁ ခုနှစ်မှာ moderators အားလုံးဆီ ဖြန့်ချိသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က