Nyein Min Wai

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးလည်း ဖြစ် ၊ Amazon တည်ထောင်သူနဲ့ CEO လည်း ဖြစ်တဲ့ ဂျက်ဖ်ဘီဇော့စ်နဲ့ ကွာရှင်းပြတ်စဲပြီးနောက် ဖနီးဟောင်း မက္ကင်ဇီစကော့တ်ဟာ ဒေါ်လာဘီလျံနဲ့ချီ လှူဒါန်းမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မက္ကင်ဇီစကော့တ်နဲ့ ဂျက်ဖ်ဘီဇော့စ်တို့ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ၂၅ နှစ်ကြာ အိမ်ထောင်ရေး ပြတ်စဲကြောင်း လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ ကွာရှင်းပြတ်စဲပြီးနောက် တစ်နှစ်အတွင်းမှာ မက္ကင်ဇီစကော့တ်ဟာ လူမျိုးရေးတန်းတူညီမျှမှု ၊ LGBTQ အခွင့်အရေး ၊ အများပြည်သူကျန်းမာရေးနဲ့ ရာသီဥတုအပြောင်းအလဲများအတွက် သူမပိုင်ဆိုင်မှုထဲက ဒေါ်လာ ၁.၇ ဘီလျံကို လှူဒါန်းထားတယ်လို့ အင်္ဂါနေ့က သူမရဲ့ ဘလော့ဂ်ပို့စ်မှာ ဖော်ပြထားပါတယ်။

Photo: The Verge

“လူအများလိုပဲ ကျွန်မလည်း ၂၀၂၀ ပထမနှစ်ဝက်ကို နှလုံးကြေကွဲမှုနဲ့ အထိတ်တလန့် ဖြစ်မှုတွေနဲ့ ရောထွေးပြီး စောင့်ကြည့်ခဲ့ပါတယ်။ ဘဝဟာ ကျွန်မတို့ စနစ်တွေထဲက မညီမျှမှုတွေကို ဖော်ထုတ်ဖို့ သစ်လွင်တဲ့ နည်းလမ်းတွေ ရှာဖွေနေဖို့ ဘယ်တော့မှ ရပ်တန့်နေမှာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းအတွင်းက ဒီဟန်ချက်ပျက်မှုက မမျှတမှုတွေတင်မဟုတ်ဘဲ မတည်ငြိမ်မှုတွေပါ သိအောင် လှုပ်နှိုးနေပါတယ်” လို့ သူမက ရေးထားပါတယ်။

ယခင်က မက္ကင်ဇီဘီဇော့စ်လို့ ခေါ်ခဲ့တဲ့ စကော့တ်ဟာ သူမယောင်္ကျားဟောင်းဖြစ်သူ ဘီဇော့စ်နဲ့ ကွာရှင်းခဲ့ပြီးနောက် Amazon ရဲ့ အစုရှယ်ယာ ၄% ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကွာရှင်းပြတ်စဲချိန်မှာ သူမပိုင်တဲ့ ရှယ်ယာဟာ ဒေါ်လာ ၃၆ ဘီလျံ တန်ကြေးရှိခဲ့ပါတယ်။ လက်ရှိမှာ Amazon အစုရှယ်ယာတန်ဖိုးများ ထိုးတက်လာတာကြောင့် သူမရဲ့ ဓနဥစ္စာဟာ ဒေါ်လာ ဘီလျံ ၆၀ ရဲ့ အထက်မှာ ရှိနေတယ်လို့ Reuters သတင်းက ဆိုပါတယ်။

Photo: Forbes


စာရေးဆရာမတစ်ဦးလည်း ဖြစ်တဲ့ စကော့တ်ဟာ ဂျက်ဖ်ဘီဇော့စ်ကို Wall Street ဝန်ထမ်းဘဝကနေ Amazon သူဌေးဖြစ်လာအောင် အဓိက ပံ့ပိုးခဲ့သူအဖြစ် ထင်ရှားပါတယ်။ ၁၉၉၃ ခုနှစ်က အိမ်ထောင်ပြုခဲ့တဲ့ ဘီဇော့စ်တို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း ၂၅ နှစ်အတွင်း သားသမီး ၄ ဦး ရထားပါတယ်။ 

ပြီးခဲ့တဲ့နှစ်ထဲမှာပဲ စကော့တ်ဟာ သူမပိုင်ဆိုင်မှုအများစုကို Giving Pledge မှာ လှူဒါန်းဖို့ ကတိပြုသဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ Giving Pledge ဟာ ၂၀၁၀ ခုနှစ်က Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်နဲ့ သူ့မိတ်ဆွေ ဝါရင်ဘတ်ဖတ်တို့ စတင်တည်ထောင်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များအနေနဲ့ သူတို့ဘဝတစ်လျှောက်ပိုင်ဆိုင်ခဲ့သမျှ ငွေကြေးဥစ္စာထဲမှ အများစုကို အများအကျိုးအတွက် လှူဒါန်းကြဖို့ တိုက်တွန်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံနှစ်ဒါဇင်နီးပါးမှ သူဌေးပေါင်း ၂၀၀ ကျော်ဟာ ဒီအစီအစဉ်မှာ ကတိပြုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က