ဆော်ဒီအစိုးရဘက်မှ မှတ်ချက်မပေးသေးပါဘူး
Nyein Min Wai

     ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီးဖြစ်တဲ့ Amazon တည်ထောင်သူနဲ့အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့စ် ကိုင်တဲ့ ဖုန်းထဲ ဆော်ဒီအစိုးရမှ ဝင်ရောက်ပြီ အတွင်းရေးအချက်အလက်များ ရယူသွားခဲ့တယ်လို့ဘီဇော့စ်ရဲ့ လုံခြုံရေးအရာရှိချုပ်က ပြောဆိုလိုက်ပါတယ်။

Photo: theguardian

         ဘီဇော့စ်ရဲ့ လုံခြုံရေးကျွမ်းကျင်ပညာရှင် ဂါဗင်ဒီဘက်ကာဟာ သူ့သူဌေးဖြစ်သူ ဘီဇော့စ်နဲ့National Enquirer သတင်းကြေညာသူ လော်ရန်ဆန်းချက်ဇ်အကြား ပြောထားတဲ့ မက်ဆေ့ချ်တွေ ပေါက်ကြားမှုကို ကာလကြာ စုံစမ်းနေသူဖြစ်ပါတယ်။ ဇန်နဝါရီလထဲမှာ National Enquirer သတင်းစာကနေ ဘီဇော့စ်နဲ့လော်ရန်တို့ချိန်းတွေ့တဲ့အကြောင်း တင်ခဲ့သလို ဒီသတင်းစာရဲ့ မိခင်ကုမ္ပဏီ American Media Inc မှ လော်ရန်ဆန်းချက်ဇ်ဆီ ပို့ထားတဲ့ ဘီဇော့စ်ရဲ့ မိမွေးတိုင်း ဖမွေးတိုင်း ပုံတွေနဲ့လည်း ခြိမ်းခြောက်ငွေညှစ်ဖို့ကြိုးစားနေတယ်လို့ဘီဇော့စ်က စွပ်စွဲခဲ့ပါတယ်။

         AMI အနေနဲ့ဘီဇော့စ်အကြောင်း ဖော်ပြချက်ဟာ နိုင်ငံရေးအရ လှုံ့ဆော်တာမဟုတ်ကြောင်း ဘီဇော့စ်ဘက်မှ အများပြည်သူကို ချပြဖို့နဲ့တကယ်လို့AMI က ပြောသလို ဘီဇော့စ်ဘက်မှ မထုတ်ပြန်ခဲ့ရင် လော်ရန်ဆီပို့ထားတဲ့ ဘီဇော့စ်ရဲ့ ကိုယ်လုံးတီးပုံတွေ တင်မယ်လို့ခြိမ်းခြောက်ခဲ့တယ်လို့ဆိုပါတယ်။ ဘီဇော့စ်ဟာ ဒီကိစ္စအတွက် သူ့ရဲ့ လုံခြုံရေးအရာရှိချုပ် ဖြစ်တဲ့ ဂါဗင်ဒီဘက်ကာကို ဒီကိစ္စအတွက် တာဝန်ပေးအပ်ခဲ့ပါတယ်။

Photo: cnbc

        Daily Beast ဝက်ဘ်ဆိုက်မှာ ချပြခဲ့တဲ့ ဘက်ကာရဲ့ အဆိုအရ ဆော်ဒီတွေဟာ ဘီဇော့စ်ရဲ့ ဖုန်းကို access လုပ်ပြီး ပုဂ္ဂလိက အချက်အလက်တွေ ရယူခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဘီဇော့စ်ဟာ ဝါရှင်တန်ပို့စ်သတင်းစာတိုက် ပိုင်ရှင်လည်း ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ဒီသတင်းစာတိုက်မှ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျမဲလ် ခါဆော့ဂီဟာ ဆော်ဒီနိုင်ငံ အစ္စတန်ဘူလ်မှာ အသတ်ခံခဲ့ရပါတယ်။

         "တစ်ချို့အမေရိကန်တွေအနေနဲ့ခါဆော့ဂီအသတ်ခံရတဲ့ ဖြစ်စဉ်ကို ဝါရှင်တန်ပို့စ်မှ ဆက်တိုက်ဖော်ပြခဲ့ပြီးနောက် ဆော်ဒီအစိုးရအနေနဲ့ဘီဇော့်စ်ကို အန္တရာယ်ပြုဖို့ကြိုးစားနေတယ်ဆိုတဲ့ အပေါ် အံ့သြနေကြပါလိမ့်မယ်" လို့ဘက်ကာက ပြောပါတယ်။

         ဒီဘက်ကာအနေနဲ့AMI ဟာ ဒီဖြစ်စဉ်အသေးစိတ်ကို သိသလားဆိုတဲ့အချက်ကို မရှင်းလင်းပေမယ့် AMI ဥက္ကဌ ဒေးဗစ်ပက်ကာနဲ့ဆော်ဒီအစိုးရအကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ပြောခဲ့ပါတယ်။ ဆော်ဒီအစိုးရဘက်မှ ဘီဇော့စ်နဲ့ပတ်သက်ပြီး National Enquirer ရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဘာမှ လုပ်ဆောင်ဖို့မရှိဘူးလို့ငြင်းဆန်ခဲ့ပါတယ်။ ဒီဘက်ကာရဲ့ ပြောကြားမှုကိုလည်း ဝါရှင်တန်မှ ဆော်ဒီသံရုံးဟာ မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


က္က