TikTok GM မှ ယာယီ CEO အဖြစ် တာဝန်ယူမှာပါ

TikTok မှာ CEO သစ်အဖြစ် အလုပ်ဝင်ခဲ့ပြီး သုံးလခန့်အကြာမှာ ကယ်ဗင်မေယာဟာ အလုပ်မှ နှုတ်ထွက်စာတင်ခဲ့ပါတယ်။ 

နာမည်ကျော် ဗွီဒီယိုပလက်ဖောင်းတစ်ခုဖြစ်တဲ့ TikTok ကို အမေရိကန်နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ရပ်ဆိုင်းဖို့ ထရမ့်အစိုးရမှ ဖိအားပေးနေစဉ်မှာ ကယ်ဗင်မေယာဟာ TikTok ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ Financial Times သီတင်းက ဖော်ပြခဲ့ပါတယ်။



Photo: telugubullet

မေယာရဲ့ နေရာမှာ လက်ရှိ TikTok ရဲ့ အထွေထွေမန်နေဂျာ ဗန်နက်ဆာ ပက်ပါးစ်က ယာယီ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Financial Times ဟာ မေယာရဲ့ နှုတ်ထွက်ကြောင်း ရုံးတွင်းအီးမေးလ်ကိုလည်း ရရှိခဲ့ပါတယ်။

"ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံရေးအခင်းအကျင်းဟာ သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်လည်း ကော်ပိုရိတ်ဖွဲ့စည်းပုံအပြောင်းအလဲအတွက် လိုအပ်တဲ့ သုံးသပ်ချဉ်းကပ်မှုတွေ လုပ်ခဲ့ပါတယ်။ မကြာခင်မှာ အဖြေတစ်ခု ရမယ်လို့ မျှော်လင့်ရင်းနဲ့ပဲ သင်တို့အားလုံးကို လေးလံတဲ့စိတ်နှလုံးနဲ့ အသိပေးချင်တာက ကျွန်တော်ဒီကနေ နှုတ်ထွက်လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းပါပဲ။" လို့ မေယာက သူ့ရဲ့ အီးမေးလ်မှာ ပြောထားပါတယ်။

Disney ရဲ့ ဖောက်သည်စီးပွားရေးပိုင်း အကြီးအကဲတစ်ဦးဖြစ်တဲ့ ကက်ဗင်မေယာဟာ ပြီးခဲ့တဲ့ မေလထဲမှာ TikTok ရဲ့ CEO အဖြစ် စပြီး အလုပ်ဝင်ခဲ့တာပါ။ မေယာကို CEO အဖြစ် ခန့်အပ်လိုက်တာဟာ TikTok အနေနဲ့ အမေရိကန်အစိုးရရဲ့ စိုးရိမ်မှုတွေကိုပါ ဖြေရှင်းပေးဖို့အတွက် မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်း TikTok ဟာ အမေရိကန်အစိုးရရဲ့ မကြုံဖူးတဲ့ဖိအားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ TikTok ရဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းများကို အမေရိကန်ကုမ္ပဏီတစ်ခုဆီ ရောင်းချဖို့ ဒါမှမဟုတ်ရင်တော့ အမေရိကန်ကနေ အပြီးတိုင် ထွက်ခွာဖို့ ညွှန်ကြားခဲ့ပါတယ်။

Photo: kiro7

ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခု ဖြစ်လာတဲ့ TikTok ကို ဝယ်ဖို့ စိတ်ဝင်စားနေတဲ့ အမေရိကန်ကုမ္ပဏီတွေ အများကြီး ရှိနေပါတယ်။ ဒီထဲမှာ Microsoft က ထိပ်ဆုံးမှာ ရှိနေပြီး တစ်ခြားကုမ္ပဏီတွေ ဖြစ်တဲ့ Oracle နဲ့ Netflix တို့လည်း TikTok ကို ဝယ်ဖို့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance နဲ့ တွေ့ဆုံမှုတွေ လုပ်နေပါတယ်။

မကြာသေးခင်ကပဲ TikTok ဟာ ByteDance နဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေ ပိတ်ပင်ခြင်းအတွက် ထရမ့်အစိုးရကို တရားပြန်စွဲထားတာကြောင့် ပိုပြီး ရှုပ်ထွေးလာဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က