ဖက်စပ်မဟုတ်တဲ့ ကားကုမ္ပဏီအနေနဲ့တရုတ်မှာ ပထမဆုံး အခွန်ကင်းလွတ်ခွင့် ရထားတာပါ
Nyein Min Wai

ပြီးခဲ့တဲ့အပတ်ကပဲ Tesla ဟာ တရုတ်မှာ အဝယ်ခွန် ၁၀% ကင်းလွတ်ခွင့်ရခဲ့ပြီး အခုချိန်မှာ တရုတ်မှ Tesla ဖောက်သည်တွေဆီက အသံတွေ ထွက်လာပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ စက်မှုနဲ့သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန MIIT ဟာ တရုတ်နိုင်ငံအတွင်း ရောင်းချနေတဲ့ ဒါဇင်နဲ့ချီတဲ့ လျှပ်စစ်ကားကုမ္ပဏီတွေကို အခွန်ကင်းလွတ်ခွင့်ပေးသွားခဲ့တာပါ။ ဒီစာရင်းထဲမှာ တရုတ်နိုင်ငံမှ Geely ၊ Guangzhou Auto ၊ NIO နဲ့SAIC Motor တို့လို ပြည်တွင်းကားကုမ္ပဏီတွေနဲ့ပူးပေါင်းထားတဲ့ Toyota နဲ့Daimler တို့လည်း ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

Photo: barrons

အခွန်ကင်းလွတ်ခွင့် စာရင်းမှာ ပါပြီးနောက် တရုတ်နိုင်ငံမှ Tesla ကားဖောက်သည်တွေဟာ ကုမ္ပဏီဆီက refund အဖြစ် ငွေပြန်တောင်းဖို့နည်းလမ်း ရှာနေတယ်လို့CNBC သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှာ လုပ်ငန်းချဲ့ထွင်မှုလုပ်နေတဲ့ Tesla ဟာလည်း အခွန်ကင်းလွတ်ခွင့် ရပြီးနောက် ရှယ်ယာထိုးတက်လာနေတာပါ။

Tesla ကားကုမ္ပဏီဟာ တရုတ်နိုင်ငံအတွင်း ရောင်းချနေတဲ့ Tesla မော်ဒယ် ၁၆ မျိုးလုံးအတွက် ကင်းလွတ်ခွင့် ရခဲ့တာပါ။ တရုတ်မှာ အခွန်ကင်းလွတ်ခွင့်ရလာပြီးနောက် Tesla ကားတစ်စင်းဝယ်မယ်ဆိုရင် ယွမ် ၉၉၀၀၀ ( ၁၃၉၅၇.၈၂ ဒေါ်လာ) အထိ သက်သာမယ်လို့လည်း Tesla ရဲ့ WeChat အကောင့်မှာ ဖော်ပြထားပါတယ်။

Tesla အခွန်ကင်းလွတ်ခွင့် ရခြင်းဟာ အရင် Tesla ကား ဝယ်ထားသူတွေအတွက် သတင်းကောင်း ဖြစ်မဖြစ် မသိရသေးသလို refund အဖြစ် ငွေပြန်အမ်းတာ ရမရဆိုတာလည်း မသိရသေးပါဘူး။ အခွန်ကင်းလွတ်မှုဟာ Tesla ကားကို အခုမှ ဝယ်မယ့် ဝယ်ယူသူအသစ်တွေပေါ်ပဲ အကျုံးဝင်တာလားဆိုတာလည်း မသေချာသေးဘူးလို့CNBC သတင်းက ဆိုပါတယ်။

Photo: techspot

တရုတ်နိုင်ငံက Tesla ဖောက်သည်တစ်ချို့ကတော့ Tesla အနေနဲ့အခွန်ကင်းလွတ်ခွင့် ရနိုင်ခြေရှိနိုင်ကြောင်းကို ဖောက်သည်တွေဆီ ကြိုပြီးသတိပေးထားသင့်တယ်လို့စောဒဂတက်ခဲ့ပေမယ့် Tesla ရဲ့ တရုတ်နိုင်ငံမှ အကြီးအကဲ Zhu Xiaotong ကတော့ အခွန်ကင်းလွတ်မှု လျှောက်ထားတဲ့ သတင်းအချက်အလက်ကို အများပြည်သူကို ထုတ်ပြန်လို့မရနိုင်ဘူးလို့Global Times မှာ ပြောထားပါတယ်။

Tesla ဟာ နိုင်ငံရပ်ခြားမှာ ပထမဆုံးစက်ရုံအဖြစ် ရှန်ဟိုင်းမှာ ကားစက်ရုံတစ်ခု တည်ဆောက်ထားပြီး ဈေးကွက်တိုးချဲ့မှုများ လုပ်ဆောင်နေပါတယ်။ ပြီးခဲတဲ့ အပတ်အတွင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ကိုယ်တိုင် တရုတ်နိုင်ငံကို လာရောက်လည်ပတ်ပြီး Alibaba တည်ထောင်သူ ဂျက်မားနဲ့အတူ ရှန်ဟိုင်းမှာ ကျင်းပတဲ့ World AI Conference မှာ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။


က္က