တရုတ်ဘက်မှ ပိတ်ပင်သွားမယ်ဆိုရင် Appleအမြတ်ငွေ ၃၀% အထိ ကျဆင်းဖို့ရှိပါတယ်။

စီးပွားရေးပိတ်ဆို့အရေးယူမှုများနဲ့ဆက်တိုက်ကြုံတွေ့နေရပေမယ့် အမေရိကန်စမတ်ဖုန်းကုမ္ပဏီ Apple ကို ဘေဂျင်းအစိုးရအနေနဲ့ပိတ်ပင်သွားမယ်ဆိုရင်တော့ ကန့်ကွက်သွားဖို့ရှိတယ်လို့Huawei ကုမ္ပဏီ တည်ထောင်သူ ရန်ဇီဖိန်းက Bloomberg Televison နဲ့တွေ့ဆုံခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

         အမေရိကန်အစိုးရရဲ့ Blacklist စာရင်းသွင်းခံထားရတဲ့ Huawei ဟာ အခုဆိုရင် မိတ်ဘက် စီးပွားရေးကုမ္ပဏီတွေရဲ့ ဆက်ဆံရေး ဖြတ်တောက်မှုပါ ကြုံနေတာပါ။ Bloomberg Television ရဲ့ အင်တာဗျူးတစ်ခုမှာ တကယ်လို့တရုတ်ဘက်မှ Huawei ကို အမေရိကန်ပိတ်ပင်မှုကို လက်တုန့်ပြန်တဲ့ အနေနဲ့Apple ကို စီးပွားရေးပိတ်ဆို့အရေးယူမယ်ဆိုရင် ဘယ်လိုသဘောရသလဲဆိုတဲ့ မေးခွန်းကို မစ္စတာရန်မှ ဖြေသွားခဲ့တာပါ။

         သူ့အနေနဲ့ဘေဂျင်းအစိုးရအရေးယူခဲ့တယ်ဆိုရင်တောင် ဒီလိုမျိုး လုပ်ဆောင်ချက်ကို ဆန့်ကျင်ဖို့ရှိတယ်လို့ပြောခဲ့ပါတယ်။ "ဒါမျိုး (Apple ကို တရုတ်ဘက်မှ လက်တုန့်ပြန်တာ) က ဖြစ်မှာ မဟုတ်ပါဘူး။ တကယ်လို့အဲလို ပိတ်ပင်ခဲ့တယ်ဆိုရင်တောင် ကျွန်တော်က ပထမဆုံး ဆန့်ကျင်သူ ဖြစ်ပါလိမ့်မယ်" လို့မစ္စတာရန်က ပြောပါတယ်။ " Apple ဟာ ကျွန်တော့် ဆရာပါ။ ကျွန်တော်တို့ရှေ့ကနေ သွားနေတာပါ။ ကျောင်းသားတစ်ယောက်အနေနဲ့ကိုယ့်ဆရာကို ဆန့်ကျင်သင့်သလား ။ ကျွန်တော်တော့ ဒါမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး"

         တကယ်လို့Apple ထုတ်ကုန်တွေကိုသာ တရုတ်အစိုးရအနေနဲ့ပိတ်ပင်တားမြစ်သွားမယ်ဆိုရင် Apple ရဲ့ အမြတ်ဟာ ၃၀% နီးပါး ကျသွားဖို့ရှိတယ်လို့Goldman Sachs မှ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။ Goldman Sachs မှ ဈေးကွက်လေ့လာသူတစ်ဦး ဖြစ်တဲ့ ရော့ဒ်ဟောကတော့ Apple ရဲ့ ဝင်ငွေထဲမှ ၁၇% ဟာ တရုတ်ဈေးကွက်မှ လာတာလို့ဆိုပါတယ်။

Photo: Yahoo

         Apple ကုမ္ပဏီရဲ့ အမြတ်ငွေစုစုပေါင်းရဲ့ ၂၉% ခန့်ဟာ တရုတ်မှာ ရောင်းချရတဲ့ ထုတ်ကုန်တွေဆီကနေ ရတာပါ။ စမတ်ဖုန်းဈေးကွက်မှာ Apple ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Huawei ကတော့ ကမ္ဘာ့ဒုတိယအကြီးဆုံး Smartphone Maker အဖြစ်ကို တက်လာခဲ့ပြီ ဖြစ်သလို နောက်နှစ်ကုန်ပိုင်းမှာ Samsung ကို ကျော်ပြီး ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီ ဖြစ်လာဖို့မျှော်မှန်းထားပါတယ်။

         ၂၀၁၉ ပထမ ၃ လပတ်ဖြစ်တဲ့ ဇန်နဝါရီမှ မတ်လအတွင်း ၃ လတာ စမတ်ဖုန်းရောင်းအားမှာ Huawei ဟာ စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၅၉.၁ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး Apple ကတော့ နှစ်အလိုက် ဖုန်းတင်ပို့ရောင်းချမှု ၃၀% ကျော်ကျဆင်းကာ ပြီးခဲ့တဲ့ ၃ လအတွင်း စမတ်ဖုန်းပေါင်း ၃၆.၄ သန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။

         "ကျွန်တော်တို့ပစ်မှတ်ထားတဲ့ ရောင်းအားတော့ မှီချင်မှ မှီတော့မှာပါ။ ဒါပေမယ့် ကျွန်တော်တို့တိုးတက်နေဆဲပါ။ အကြမ်းတမ်းအခက်ခဲဆုံး အပြိုင်အဆိုင်ကြားမှာ တိုးတက်လာတာ ဖြစ်လို့ကျွန်တော်တို့ဘယ်လောက် ကြီးကျယ်ခမ်းနားသလဲဆိုတာ သိသာနေပါတယ်။" လို့Huawei ကုမ္ပဏီ တည်ထောင်သူနဲ့CEO ဖြစ်သူ ရန်ဇီဖိန်းမှ မှတ်ချက်ချထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က