ကွန်ဂိုမိသားစု ၁၄ စုအတွက် တရားစွဲထားတာပါ

Apple ၊ Google ၊ Microsoft ၊ Dell နဲ့ Tesla ကုမ္ပဏီများရဲ့ ထုတ်ကုန်တွေမှာ အသုံးပြုကြတဲ့ ကိုဘော့ထုတ်လုပ်ရေးမှာ ကွန်ဂိုနိုင်ငံက ကလေးငယ်များ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ပြီး ဒီအတွက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က တရားစွဲထားပါတယ်။


သတ္ထုတွင်းများမှာ သေဆုံး/ဒဏ်ရာရခဲ့တဲ့ ကလေးလုပ်သားများရဲ့ ကွန်ဂိုနိုင်ငံက မိသားစု ၁၄ စုရဲ့ ကိုယ်စား နိုင်ငံတကာ အခွင့်အရေးထောက်ခံလှုပ်ရှားသူများ အဖွဲ့ (IRA) က တရားစွဲတာ ဖြစ်တယ်လို့ The Guardian သတင်းက ဖော်ပြထားပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနဲ့ နိုင်ငံရေး မတည်ငြိမ်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ ဒီမိုကရက်တစ်ကွန်ဂို သမ္မတနိုင်ငံဟာ ကမ္ဘာ့ ကိုဘော့ဒြပ်စင် တင်သွင်းမှုအားလုံးရဲ့ ၆၀% ကို ထုတ်လုပ်ပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။



Photo: OAN

ကိုဘော့တွေကို လျှပ်စစ်ကား ၊ လက်ပ်တော့နဲ့ စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ လစ်သီယံအိုင်ယွန်ဘက်ထရီထုတ်လုပ်ရေးမှာ အသုံးပြုကြတာပါ။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ကိုဘော့ဈေးကွက်လိုအပ်ချက်ဟာ ၃ ဆအထိ တက်လာခဲ့ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းမှာ နှစ်ဆထပ်မံ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဈေးကွက်တောင်းဆိုမှု မြင့်မားလာခြင်းနဲ့အတူ ကွန်ဂိုမှာ ကိုဘော့ မိုင်းထုတ်ခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ၊ အကျင့်ပျက် ခြစားမှု ၊ ပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးစေမှုနဲ့ ကလေးလုပ်သားပြဿနာတွေဆီ ဦးတည်လာနေပါတယ်။

" Apple ၊ Alphabet ၊ Dell ၊ Microsoft နဲ့ Tesla တို့အနေနဲ့ သူတို့နဲ့ စီးပွားရေး တွဲလုပ်တဲ့ supply chains တွေမှာ ကလေးလုပ်သားတွေ ခွင့်မပြုရဘူးဆိုတဲ့ တိကျတဲ့ မူဝါဒတွေ ရှိရပါတယ်။ ကိုဘော့မိုင်းတွေမှာ ကလေးလုပ်သားအတင်းအဓမ္မ အသုံးပြုတာတွေကို ရပ်တန့်ခိုင်းရမယ့်မူဝါဒတွေပေါ် လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေခြင်းဟာ ကိုဘော့တွေ ဈေးပေါပေါနဲ့ ဆက်ပြီး ရနေစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတဲ့ လုပ်ရပ်တစ်ခု ဖြစ်နေပါတယ်။" လို့ အိုဟိုးယိုးပြည်နယ် ကိုလံဘီယာတရားရုံးမှာ စွဲဆိုတဲ့ IRA ရဲ့ တရားစွဲချက်က ဆိုပါတယ်။

ကာယကံရှင် မိသားစုတွေကတော့ သူတို့ရဲ့ ကလေးတွေဟာ ယူကေသတ္ထုတွင်းကုမ္ပဏီ Glencore က ပိုင်တဲ့ သတ္ထုတွင်းတွေမှာ တရားမဝင် အလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ Glencore က ပိုင်တဲ့ သတ္ထုတွင်းက ကိုဘော့တွေကို ဘရပ်ဆဲလ်အခြေစိုက် သတ္ထုနဲ့ မိုင်းကုန်သွယ်ရေးကုမ္ပဏီ Umicore ဆီ ရောင်းချပြီး အဲ့ဒီက တစ်ဆင့် Apple ၊ Google ၊ Tesla ၊ Microsoft နဲ့ Dell တို့ဆီ ဘက်ထရီအဆင့်မီ သတန့်စင်ထားတဲ့ ကိုဘော့တွေ ရောင်းချတာ ဖြစ်ပါတယ်။

တရားစွဲမှုထဲမှာ Apple ၊ Dell နဲ့ Microsoft တို့အတွက် supplier လုပ်နေတဲ့ တရုတ်မှ Zhejiang Huayou Cobalt ကုမ္ပဏီလည်း ပါဝင်နေပါတယ်။ Guardian သတင်းစာက ရရှိခဲ့တဲ့ တရားစွဲဆိုမှု အထောက်အထား စာရွက်တွေအရ မိုင်းတွင်း ပြိုကျမှုကြောင့် ကလေးမိုင်းလုပ်သားများ အရှင်လတ်လတ် မြေမြှပ်သေဆုံး/ထိခိုက်ဒဏ်ရာရတဲ့ နမူနာအများအပြားတွေ့ထားတယ်လို့ ဆိုပြီး အဓမ္မစေခိုင်းမှု ၊ စိတ်ပိုင်း ထိခိုက် ယိုယွင်းမှုနဲ့ တာဝန်ယူမှု မရှိတာကြောင့် ကွန်ဂိုမိသားစု ၁၄ ခုအနေနဲ့ ကုမ္ပဏီတွေဆီက လျော်ကြေး တောင်းဆိုထားပါတယ်။


Photo: Gizmochina


Apple နဲ့ Dell ကုမ္ပဏီနှစ်ခုကတော့ ကုမ္ပဏီရဲ့ အတင်းကျပ်ဆုံး သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ မညီတာ တွေ့ရင် သူတို့ရဲ့ supply chains တွေဆီက သန့်စင်ပြီး ကိုဘော့ ဝယ်ယူမှု ဖယ်ရှားသွားမယ်လို့ ထုတ်ပြန်ထားပြီး Google ၊ Tesla နဲ့ Microsoft တို့က မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ Dell ကုမ္ပဏီကတော့ တရားစွဲမှုမှာ ပြောထားတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ယခု တရားစွဲချက်ဟာ ကိုဘော့ဈေးကွက်အတွင်းက နည်းပညာကုမ္ပဏီကြီးတွေရဲ့ လုပ်ဆောင်ချက်တွေကို ပထမဆုံးအကြိမ် အရေးယူဖို့ ပစ်မှတ်ထားတဲ့ တရားစွဲဆိုမှု ဖြစ်တဲ့အပြင် ဝယ်ယူတဲ့ သတ္ထုတွေနဲ့ ပတ်သတ်ပြီး တာဝန်ရှိရှိနဲ့ ပိုမိုအားကောင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်လာဖို့ ကြပ်မတ်လာခြင်းလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က