ပိုဆိုးလာပြီလား

Facebook ဟာ သူ့ရဲ့လူမှုကွန်ရက် app တွေကို Huawei ဖုန်းတွေမှာ pre-install သွင်းမှု ရပ်တန့်လိုက်ပြီလို့သိရပါတယ်။

         Reuters သတင်းမှာ ဒီအကြောင်းကို ဖော်ပြထားခဲ့တာ ဖြစ်ပြီး လက်ရှိ Huawei ဖုန်းကိုင်သူတွေကတော့ Facebook apps တွေကို ဒေါင်းလုပ်ဆွဲနိုင် updates တင်နိုင်မယ်လို့ဆိုပါတယ်။ သို့သော်လည်း နောက်ထွက်လာမယ့် Huawei ထုတ်ကုန်တွေမှာ Facebook ပိုင် social apps တွေနဲ့pre-load ထွက်လာတော့မှာ မဟုတ်ပါဘူး။ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးတားမြစ်ပိတ်ပင်မှု ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် Huawei နဲ့စီးပွားရေး လက်တွဲ လုပ်ဆောင်မှု ဖြတ်တောက်ခဲ့တဲ့ အမေရိကန်ကုမ္ပဏီတွေထဲမှာ Facebook လည်း ပါဝင်လာခဲ့တာပါ။



Photo: The Verge

         Huawei ကို Andorid services ပေးမှု Google ဘက်မှ ရပ်တန့်ခဲ့ပြီးနောက် Play Store နဲ့OS update ဝန်ဆောင်မှုတွေ ရတော့မှာ မဟုတ်ဘူးလို့သတင်းထွက်ခဲ့ပေမယ့် အခုချိန်ထိတော့ Huawei ဖုန်းတွေမှာ play store နဲ့Google services တွေ သုံးနိုင် update တင်နိုင်ဆဲ ဖြစ်ပါတယ်။ Google ဟာ လက်ရှိ Huawei ဖုန်းတွေမှာ security updates ပေးဖို့ယာယီ လိုင်စင်တစ်ခု ရထားတာကြောင့် လက်ရှိဈေးကွက်ထဲ ဝင်နေတဲ့ Huawei ဖုန်းတွေမှာ Google services တွေ သုံးနိုင်တာပါ။

         Facebook ရဲ့ ဝန်ဆောင်မှုတွေလည်း လက်ရှိ Huawei ဖုန်းတွေမှာ သုံးနိုင်တယ်ဆိုပေမယ့် နောက်အသစ်ထွက်လာမယ့် Huawei ဖုန်းတွေမှာ Facebook ၊ WhatsApp နဲ့Instagram apps တွေ သွင်းပြီးသား ပါလာမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ Facebook ဟာ တရုတ်ဈေးကွက်မှာ ပိတ်ခံထားရတဲ့ လူမှုကွန်ရက် ဝန်ဆောင်မှုတစ်ခု ဖြစ်ပေမယ့် ကမ္ဘာအနှံ့က Huawei users တွေအတွက် ထည့်သွင်း စဉ်းစားစရာ အချက် ဖြစ်လာဖို့ရှိပါတယ်။

         Android services တွေအတွက် လိုင်စင် ရုပ်သိမ်းခံရပြီးတဲ့နောက် Huawei ဟာ ကိုယ်ပိုင် OS သစ်ဖြစ်တဲ့ ARK OS နဲ့အစားထိုးသွားဖို့ရှိပြီး လက်ရှိအချိန်မှာ ဒီ OS သစ်ကို ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ရုံး EUIPO မှာ HUAWEI ARK OS, HUAWEI ARK, ARK နဲ့ARK OS စတဲ့ နာမည်တွေနဲ့မှတ်ပုံတင်ထားပါတယ်။လာမယ့် အောက်တိုဘာလထဲမှာ ထွက်လာဖို့ရှိတဲ့ ဒီ OS သစ်ဟာ စမတ်ဖုန်း ၊ ကွန်ပျူတာ ၊ တက်ဘလက် ၊ စမတ်တီဗွီ ၊ ကားနဲ့Wearables ထုတ်ကုန်တွေ မှာ သုံးနိုင်မယ်လို့သတင်းထွက်ထားပြီး လက်ရှိ Andorid စနစ်ထက် ၆၀% ပိုသွက်မယ်လို့ဆိုပါတယ်။

Photo: wccftech

         Huawei ဟာ Googleအပြင် chips ဒီဇိုင်းအတွက် ARM ဆီက သုံးစွဲခွင့်လည်း ကန့်သတ် ခံရတော့မှာ ဖြစ်ပြီး လက်ရှိမှာ သြဂုတ်လ ၁၉ ရက်နေ့အထိ ယာယီဖြေလျှော့မှုနဲ့အမေမရိကန်ကုမ္ပဏီတွေနဲ့supply chain အရောင်းအဝယ်တွေ ရှိနေဦးမှာပါ။ Facebook ဝန်ဆောင်မှုတွေ မရတော့တဲ့နောက် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်ဖို့ရည်မှန်းထားတဲ့ Huawei ရဲ့ စမတ်ဖုန်း စီးပွားရေးအခြေအနေမှာ ဘာတွေ အပြောင်းအလဲ ဖြစ်သွားမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က