Nyein Min Wai

အမေရိကန်ကြိုးမဲ့တယ်လီကွန်း Carrier တစ်ခုဖြစ်တဲ့ AT&T ဟာ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း အလုပ်အကိုင်နေရာ ၄၇၀၀ ကျော်ကို ရပ်ဆိုင်းသွားမယ်လို့ ကြေညာပါတယ်။

AT&T ဟာ နည်းပညာပိုင်းနဲ့ ရုံးအလုပ်ပေါင်း ၃၄၀၀ အပြင် အမှုဆောင်တွေနဲ့ မန်နေဂျာတွေကိုလည်း အလုပ်ဖြုတ်သွားမယ်လို့ Axios သတင်းမှာ ဆိုပါတယ်။ လက်လီစတိုးဆိုင်ပေါင်း ၂၅၀ လည်း ပိတ်သိမ်းသွားမှာ ဖြစ်လို့ လက်လီအလုပ်အကိုင်ပေါင်း ၁၃၀၀ လည်း အလုပ်အကိုင်ထိခိုက်နိုင်ပါတယ်။

Photo: Engadget


အလုပ်အကိုင်လျှော့ချမှုနဲ့ ပတ်သက်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖွံ့ဖြိုးတဲ့ အပိုင်းတွေမှာ အာရုံစိုက်ဖို့နဲ့ ရောင်းမထွက်တဲ့ ထုတ်ကုန်တွေအပေါ် ဖောက်သည်ဝယ်လိုအားကျဆင်းလာမှုကို ဖြေရှင်းဖို့ လုပ်တဲ့ လုပ်ဆောင်ချက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

“ကျွန်တော်တို့ဝန်ထမ်းအင်အားတွေထဲကမှ မန်နေဂျာတွေ ၊ အမှုဆောင်အရာရှိတွေနဲ့ သမဂ္ဂကိုယ်စားပြုအလုပ်သမားတွေ အပါအဝင် သိသာတဲ့ လျှော့ချမှုလုပ်သွားမှာပါ။ ကျွန်တော်တို့ အရင်ကြေညာထားတဲ့ ပြုပြင်ပြောင်းလဲရေးအစီအမံတွေ အတိုင်းပါပဲ ”လို့ ကုမ္ပဏီက ဆိုပါတယ်။

AT&T အနေနဲ့ အလုပ်အကိုင် ထိခိုက်သွားမယ့် ဝန်ထမ်းအရေအတွက်ကို အတည်ပြုခြင်း မရှိပေမယ့် အလုပ်လျှော့ချခံရသူတွေကိုတော့ လျော်ကြေးငွေနဲ့ ၆ လတာ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ COO ဖြစ်သူ ဂျွန်စတန်ကီမှ CEO အဖြစ် ဇူလိုင်လထဲမှာ တာဝန်လွှဲပြောင်း ထမ်းဆောင်‌ဖို့ ပြင်ဆင်နေစဉ်မှာ အခုလိုမျိုး ဝန်ထမ်းအင်အား လျှော့ချလိုက်တာ ဖြစ်ပါတယ်။

Photo: businessinsider


COVID-19 ကြောင့် စီးပွားရေး ထိခိုက်လာတဲ့အပြင် T-Mobile ရဲ့ Sprint တယ်လီကွန်းကို ဒေါ်လာ ၂၆.၅ ဘီလျံပေးပြီး ဝယ်ယူလိုက်ခြင်းကလည်း နိုင်ငံအတွင်း တယ်လီကွန်းအော်ပရေတာ ၄ ခုရှိရာကနေ ၃ ခုပဲ ကျန်တော့မယ့် အပြောင်းအလဲကလည်း AT&T ရဲ့ ဆုံးဖြတ်ချက်ပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

Sprint နဲ့ ပူးပေါင်းလိုက်ပြီးနောက် T-mobile ဟာလည်း ရာနဲ့ချီတဲ့ အလုပ်အကိုင်တွေကို ရပ်ဆိုင်းမယ်လို့ ကြေညာထားပါတယ်။ အလုပ်သမားစာရင်းဇယားဗြူရိုမှ ထုတ်ပြန်တဲ့ အလုပ်အကိုင်အစီရင်ခံစာအရ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ ဧပြီလအတွင်း အမေရိကန်မှာ အလုပ်အကိုင်နေရာပေါင်း ၂၀.၅ သန်းအထိ စံချိန်တင် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က