အမေရိကန်စားသောက်ကုန် ပို့ဆောင်ရေးဈေးကွက်မှာ စတုတ္ထအကြီးဆုံးကုမ္ပဏီပါ
Nyein Min Wai

Uber ဟာ Postmates အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုကို ဒေါ်လာ ၂.၆၅ ဘီလျံဖိုး ရှယ်ယာနဲ့ ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။

Postmates ကို Uber ဝယ်ယူမယ့် သတင်းကို New York Times နဲ့ Bloomberg တို့မှာ ဖော်ပြထားပါတယ်။ Uber အနေနဲ့ Postmates ကို ဝယ်မယ်ဆိုတဲ့သတင်းဟာ ဇွန်လထဲမှာ စပြီး ကြားခဲ့ရတာ ဖြစ်ပါတယ်။ နှစ်ဖက်ကုမ္ပဏီတို့ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ အတည်ပြုထားခြင်း မရှိသေးပါဘူး။

Photo: anisanews

ဒီအရောင်းအဝယ်ဟာ Uber ရဲ့ ပြိုင်ဘက် အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းကြီးဖြစ်တဲ့ DoorDash ကို ယှဉ်ပြိုင်ဖို့အတွက် ပိုပြီးအားကောင်းသွားစေမှာပါ။ Postmates ဟာ လော့စ်အိန်ဂျလိစ်နဲ့ အမေရိကန်အနောက်တောင်ပိုင်းဒေသတွေမှာ ဈေးကွက်အခိုင်အမာ ရထားပါတယ်။ Bloomberg သတင်းအရ အရောင်းအဝယ် ပြီးပြတ်ချိန်မှာ Uber Eats နဲ့ Postmates တို့ကို Uber Eats ရဲ့ အမှုဆောင်အရာရှိချုပ် ပီးယားဒီမီထရီဂိုရက်ကောတီမှ ဦးဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

Postmates အမှုဆောင်အရာရှိချုပ်နဲ့ ပူးတွဲတည်ထောင်သူ ဘက်စတီယန် လားမန်းအနေနဲ့ ဆက်ရှိနေမလဲဆိုတာလည်း မသိရသေးပါဘူး။ ၂၀၁၁ ခုနှစ်မှာ Postmates ဟာ အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုအနေနဲ့ စွန့်ဦးစတင်ခဲ့တာ ဖြစ်ပေမယ့် အမေရိကန်ဈေးကွက်မှာတော့ DoorDash ၊ GrubHub နဲ့ UberEats တို့ရဲ့ နောက်မှာ ရှိနေပါတယ်။

Photo: Tech Crunch

Second Measure အချက်အလက်တွေအရ DoorDash ဟာ အမေရိကန်စားသောက်ကုန်ပို့ဆောင်ရေးဈေးကွက်ရဲ့ ၄၅% ၊ GrubHub ဟာ ၂၃% နဲ့ Uber Eats က ၂၂% ရထားပါတယ်။ Postmates ကတော့ စားသောက်ကုန်ပို့ဆောင်ရေးဈေးကွက်ဝေစု ၈% ပဲ ရှိပြီး လက်ရှိမှာ အမေရိကန်မြို့ပေါင်း ၄၂၀၀ ကျော်မှာ ရှိတဲ့ စားသောက်ဆိုင်ပေါင်း ၆ သိန်းကျော်ကို ဝန်ဆောင်မှုပေးနေပါတယ်။ 

တကယ်လို့ Uber Eates နဲ့ Postmates တို့ ပူးပေါင်းသွားမယ်ဆိုရင်တော့ အမေရိကန် စားသောက်ကုန်ပို့ဆောင်ရေးဈေးကွက်မှာ DoorDash ပြီးရင် ဒုတိယအကြီးဆုံးဝန်ဆောင်မှုဖြစ်လာမှာပါ။ Uber ဟာလည်း COVID-19 ကပ်ဘေးအကြပ်အတည်းကြောင့် ၂၀၂၀ ပထမသုံးလပတ်အတွင်း ဒေါ်လာ ၂.၉ ဘီလျံ အရှုံးပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က