COVID-19 ကြောင့် လူတွေရဲ့ နေထိုင်မှုပုံစံ ပြောင်းလဲလာပါတယ်

လာမယ့် ၂၀၂၅ ခုနှစ်အထိ မိုဘိုင်းအင်တာနက်အသုံးပြုမှုနှုန်းဟာ နှစ်စဉ် ၂၇% တိုးတက်လာမယ်လို့ Ericsson Mobility Report က ခန့်မှန်းထားပါတယ်။

Ericsson Mobility Report ရဲ့ ၂၀၁၉ နိုဝင်ဘာလ ထုတ်ပြန်ချက်မှာ အခုလို ခန့်မှန်းထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုတဲ့ အလေ့အထတွေအရ မိုဘိုင်းအင်တာနက် အသုံးပြုမှု အများစုဟာ အွန်လိုင်းပေါ်က ရုပ်သံကြည့်ရှုအသုံးပြုမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ မိုဘိုင်းကွန်ရက်များပေါ်မှာ ရုပ်သံဗွီဒီယိုကြည့်ရှုမှုနှုန်းဟာ လာမယ့် ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် ၃၀% ခန့် တိုးမြင့်လာဖို့ ရှိပါတယ်။



Photo: pewresearch

မိုဘိုင်းကွန်ရက်ပေါ်က ရုပ်သံကြည့်ရှုမှုဟာ ၂၀၁၉ ခုနှစ်အတွင်း မိုဘိုင်းဒေတာအသုံးပြုမှုအားလုံးရဲ့ ၆၀% ရှိရာကနေ ၂၀၂၅ မှာ ၇၅% အထိ မြင့်တက်လာမယ်လို့ Ericsson Mobility Report က ခန့်မှန်းပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ COVID-19 ကပ်ရောဂါဘေးအတွင်း အသွားအလာ ကန့်သတ်မှုများ လုပ်ဆောင်ထားတာကြောင့် ကမ္ဘာတစ်လွှားမှ အိမ်တွင်းမှာပဲ နေထိုင်နေရသူများဟာ အင်တာနက် ပိုမိုအသုံးပြုလာနေကြပါတယ်။

သန်းပေါင်းများစွာသော လူတွေဟာ ဖျော်ဖြေ‌ရေးနဲ့ သတင်းအချက်အလက်များအတွက် အွန်လိုင်းပေါ် အချိန်ကုန်ဆုံးမှု ပိုများလာပါတယ်။ မတ်လကုန်ပိုင်းက Forbes မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ အကြိုခန့်မှန်းအချက်အလက်များအရ စုစုပေါင်းအင်တာနက် အသုံးပြုမှုဟာ ၅၀% ကနေ ၇၀%အကြား မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ခန့်မှန်းချက်တွေအရ Streaming ဝန်ဆောင်မှု သုံးစွဲတဲ့ ပမာဏဟာလည်း အနည်းဆုံး ၁၂% ကျော် ထိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။

Photo: Forbes

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လူတွေရဲ့ နေမှုပုံစံတွေကို ပြောင်းလဲလာတာနဲ့ အမျှ ကြိုးမဲ့နဲ့ တပ်ဆင်ထားတဲ့ မိုဘိုင်းအင်တာနက် ကွန်ရက် နှစ်မျိုးစလုံး အသုံးပြုမှု သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ COVID-19 ကြောင့် လူတွေထဲဟာ အိမ်ထဲမှာပဲ အွန်လိုင်းပညာသင်ယူမှု ၊ ရုပ်သံအစည်းအဝေးခေါ်ဆိုမှု ၊ အချက်အလက်နဲ့ ဖျော်ဖြေရေး ခံစားမှု လုပ်ဆောင်လာခဲ့ပါတယ်။ Ericsson Mobility Report ရဲ့ အဆိုအရ bandwidth ပိုလိုအပ်လာသလို သုံးစွဲသူတစ်ဦးချင်း အလိုက် ချထားပေးတဲ့ ဒေတာပေးပို့မှုထက် Megabytes သုံးစွဲမှု ပိုများလာတယ်လို့ ဆိုပါတယ်။

COVID-19 ကာလအတွင်း အော်ပရေတာတစ်ချို့ဟာ ကာလအကန့်အသတ်အတွင်း Unlimited Data နဲ့ Unlimited Call ခေါ်ဆိုမှုများ လုပ်ဆောင်နေပြီး လက်ရှိအခြေအနေကို တုန့်ပြန်နေကြပါတယ်။ Service Providers တွေအနေနဲ့လည်း ရုတ်တရပ်ထိုးတက်လာတဲ့ ဒေတာအသုံးပြုမှုနှုန်း တိုးတက်မှုကို ဖြေရှင်းဖို့ ကွန်ရက်အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေကြတယ်လို့လည်း Ericsson ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က