ကြေညာချက် မထုတ်ခင် BTC ၄၀၀ လည်း ကြိုဝယ်ထားပါတယ်။

       နာမည်ကြီး Cryptocurrency ငွေကြေးတစ်မျိုးဖြစ်တဲ့ Bitcoin ကို ဗဟိုအမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ အယ်လ်ဆာဗေဒါမှာ ကန်ဒေါ်လာနဲ့အတူ တရားဝင်ငွေကြေးအဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။



           အယ်လ်ဆာဗေဒါဟာ Cryptocurrency ကို နိုင်ငံရဲ့ တရားဝင်ငွေကြေးအဖြစ် ပထမဆုံး လက်ခံတဲ့နိုင်ငံလည်း ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာ အတည်ပြုပြီး ဒီအင်္ဂါနေ့မှာ အသက်ဝင်ခဲ့တဲ့ အယ်လ်ဆာဗေဒါရဲ့ Bitcoin ဥပဒေ ထွက်ခဲ့ပြီးနောက် အခုကြေညာချက်ထွက်လာတာပါ။ အခုလို Bitcoin ကို တရားဝင်ငွေကြေးအဖြစ် လက်ခံတဲ့ပေါ် သမိုင်းတွင်မယ့်ကိစ္စဖြစ်တယ်လို့ နိုင်ငံရဲ့သမ္မတ နာယစ်ဘူကီလီက Twitter မှာ ရေးတင်ခဲ့ပါတယ်။ ဒီလို တရားဝင်ငွေကြေးအဖြစ် Bitcoin ကို မသတ်မှတ်ခင် တစ်ရက်မှာ အယ်ဆာဗေဒါဟာ ဒီနေ့ဈေးနဲ့ဆို ဒေါ်လာ ၂၀.၉ သန်း ဝန်းကျင်နဲ့ ညီတဲ့ Bitcoin ၄၀၀ ဝယ်ခဲ့ပါတယ်။


Photo: The Verge

           ဒီအပြောင်းအလဲကို ထောက်ခံသူတွေကတော့ အခုလို Bitcoin ကို နိုင်ငံရဲ့ တရားဝင်ငွေကြေးအဖြစ် သတ်မှတ်လိုက်တာဟာ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အယ်လ်ဆာဗေဒါကို ငွေပြန်ပို့ရာမှာ ပိုလွယ်ပြီး စရိတ်စကသက်သာစေမယ်လို့ ဆိုပါတယ်။ နိုင်ငံထဲက ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပြည်တွင်းကို ငွေပြန်လွှဲမှုဟာ နိုင်ငံရဲ့ ထုတ်ကုန်တန်ဖိုးစုစုပေါင်းရဲ့ ၂၄% ကျော် ရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်ကိန်းဂဏန်းတွေအရ CNBC သတင်းမှာ ဖော်ပြထားပါတယ်။

           ငွေလွှဲရ လွယ်ကူသက်သာစေသလို ငွေကြေးဝန်ဆောင်မှုတွေ ရယူသုံးစွဲရာမှာလည်း နိုင်ငံသားတွေအတွက် ပိုပြီး တိုးတက်မှု ရှိလာမယ်လို့လည်း မျှော်လင့်နေကြပါတယ်။ အယ်လ်ဆာဗေဒါဟာ နိုင်ငံသားတွေအနေနဲ့ Bitcoin သုံးပြီး ငွေလွှဲငွေသွင်း လုပ်နိုင်မယ့် Chivo ဆိုတဲ့ Wallet App တစ်ခု ဖြန့်ချိထားပါတယ်။ ဒီ Wallet မှာ နိုင်ငံသားတွေဟာ ကိုယ့်ရဲ့ နိုင်ငံသားကတ် ID နဲ့ စာရင်းသွင်းနိုင်မယ်လို့ ဆိုပါတယ်။

           Chivo မှာ စာရင်းသွင်းတဲ့ နိုင်ငံသားတွေဟာ စပြီး Sign Up လုပ်ချိန်မှာ ဒေါ်လာ ၃၀ နဲ့ ညီတဲ့ Bitcoin ရရှိမှာ ဖြစ်တယ်လို့လည်း CNBC သတင်းက ဖော်ပြထားပါတယ်။ အင်္ဂါနေ့က ကွန်ဂရက်မှာ အတည်ပြုလိုက်တဲ့ Bitcoin ဥပဒေအရေ Bitcoin ကနေ ကန်ဒေါ်လာကို ကူးပြောင်းရ လွယ်ကူစေဖို့ ဒေါ်လာသန်း ၁၅၀ ရံပုံငွေတစ်ရပ် ထူထောင်သွားမယ်လို့လည်း ဆိုပါတယ်။

Photo: mw3


           ဥပဒေသစ် ဖြစ်မြောက်ရေးမှာ ပါဝင်ခဲ့တဲ့ ဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီ Strike ရဲ့ CEO ကတော့ နိုင်ငံ့လူဦးရေရဲ့ ၇၀% ကျော်ဟာ ဘဏ်အကောင့် မရှိသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် Bitcoin ဟာ ဘဏ်စနစ်ဆိုင်ရာ အတားအဆီးတွေကို ကျော်လွှားပြီး လူတိုင်း ဘဏ်ငွေကြေးစနစ် သုံးနိုင်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်လာဖို့ရှိပါတယ်။ တစ်ဖက်မှာလည်း Bitcoin ဟာ စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်နိုင်ပြီး အန္တရာယ်များတဲ့ငွေကြေးစနစ်တစ်ခု ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

           ပြီးခဲ့တဲ့ ဧပြီလထဲမှာ Bitcoin ဟာ မကြုံစဖူး ဒေါ်လာ ၆၀၀၀၀ ကျော် ဈေးအထိ တက်ခဲ့ပေမယ့် ဒီအရင် နွေရာသီမှာ အဲ့ဒီတန်ဖိုးရဲ့ တစ်ဝက်နီးပါး ကျဆင်းခဲ့တာပါ။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ကလည်း Bitcoin ရဲ့ မတည်နိုင်တဲ့ ရိုက်ခတ်မှုအကြောင်း သတိပေးထားပါတယ်။

           

       


ဆက်စပ်အကြောင်းအရာများ



က္က