အရေးသိပ်မကြီးတဲ့ အပိုင်းမှာ ခွင့်ပြုထားတာပါ

ယူကေဝန်ကြီးချုပ် ထရီဆာမေဟာ တရုတ်တယ်လီကွန်းကုမ္ပဏီ Huawei ကို နိုင်ငံရဲ့ 5G အခြေခံအဆောက်အဦကဏ္ဍတွေမှာ ဝင်ရောက်ခွင့်ပြုဖို့လက်မှတ်ရေးထိုးလိုက်ပါတယ်။

         ဝန်ကြီးချုပ်ဟာ antenna နဲ့တစ်ခြား ကွန်ရက်အစိတ်အပိုင်းတွေ အပါအဝင် 5G အခြေခံအဆောက်အဦပိုင်းရဲ့ သိပ်အရေးမပါတဲ့ နေရာတွေမှာ Huawei ကို ခွင့်ပြုုခဲ့တာ ဖြစ်တယ်လို့The Telegraph မှာ ဖော်ပြထားပါတယ်။ အမျိုးသားလုံခြုံရေးကောင်စီကနေ ဧပြီ ၂၃ ရက်နေ့က ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပြီး Huawei ကို 5G ကဏ္ဍထဲ ပါဝင်ခွင့်ပြုမှုအပေါ် ယူကေနိုင်ငံရေးသမားတစ်ချို့က ဝေဖန်မှုတွေ ရှိထားပါတယ်။



         နိုင်ငံရဲ့ ကွန်ရက်စနစ်ထဲ Huawei ဝင်လာမယ်ဆိုရင် ဗြိတိန်နိုင်ငံသားများ ၊ ကုမ္ပဏီများ နဲ့အစိုးရအေဂျင်စီများအတွက် ဆိုက်ဘာတိုက်ခိုက်ခံရမှုနဲ့တစ်ခြား သူလျှိုထောက်လှမ်းမှုတွေ လုပ်ဆောင်ဖို့တရုတ်အစိုးရကို လမ်းဖွင့်ပေးရာရောက်မလားဆိုပြီး နိုင်ငံရေးသမားတစ်ချို့က စိုးရိမ်နေကြတာပါ။ ယူကေအစိုးရအစိုးရ ဆက်သွယ်ရေး ဌာနချုပ် GCHQ ရဲ့ အကြီးအကဲ ဂျယ်ရမီ ဖလီးမင်းဟာ တရုတ်နဲ့ရုရှားဘက်မှ ဆိုက်ဘာခြိမ်းခြောက်မှုတွေအကြောင်း သတိပေးထားပေမယ့် ဗြိတိန်အစိုးရကတော့ 5G ကွန်ရက်မှာ Huawei ကို သုံးဖို့အတွက် သိပ်မစိုးရိမ်ဘူးလို့ဆိုပါတယ်။

         ဗြိတိန်အမျိုးသား ဆိုက်ဘာလုံခြုံရေးစင်တာ NCSC နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ် ၂ ခုကို ကိုးကားဖော်ပြခဲ့တဲ့ Financial Times သတင်းမှာတော့ Huawei Technologies ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို 5G ကွန်ရက်မှာ သုံးလို့ဖြစ်လာမယ့် ဘေးအန္တရာယ်တွေကို NCSC အနေနဲ့လျှော့ချနိုင်တယ်လို့ဖော်ပြထားပါတယ်။ မကြာသေးမီကလည်း ယူကေတယ်လီကွန်းအောပ်ရေတာတစ်ခုဖြစ်တဲ့ Three ရဲ့ CEO ဒေးဗစ်ဒိုင်ဆင်မှ Huawei ကို ပိတ်ပင်မယ်ဆိုရင် နိုင်ငံအတွင်း 5G ကွန်ရက်စတင်ဖို့၁ နှစ်ခွဲအထိ နောက်ကျနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။

         Huawei ကွန်ရက်ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်ယူသုံးစွဲခွင့်ကို အမေရိကန် ၊ သြစတြေးလျနဲ့နယူးဇီလန်တို့မှာ ပိတ်ပင်ထားချိန်မှာ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ မကြာသေးမီကလည်း ဂျာမဏီစီးပွားရေးဝန်ကြီး ပီတာအယ်မိုင်ယာဟာ Huawei ကို နိုင်ငံရဲ့ 5G ကွန်ရက်တည်ဆောက်ရေးကနေ ပိတ်ပင်ဖယ်ရှားဖို့ဆန္ဒမရှိဘူးလို့ပြောကြားခဲ့ပြီးနောက် ဂျာမဏီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမှ ပီတာအယ်မိုင်ယာကို သတိပေးစာတစ်စောင့် ပေးပို့ခဲ့ပါတယ်။

         ဒီစာထဲမှာ ဂျာမဏီအနေနဲ့Huawei နဲ့တစ်ခြားတရုတ်ကုမ္ပဏီတွေကို 5G မိုဘိုင်းလ်ကွန်ရက်အတွက် ခွင့်ပြုလိုက်မယ်ဆိုရင် အမေရိကန်ဟာ ဂျာမဏီလုံခြုံရေး အေဂျင်စီတွေနဲ့တစ်တန်းတည်းထားပြီး ပူးပေါင်း လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ပြောဆိုထားကြောင်း Wall Street Journal မှာ ဖော်ပြထားပါတယ်။ Huawei ဟာ တစ်ကမ္ဘာလုံးမှာ 5G base station ပေါင်း ၇ သောင်းကျော်ရှိထားပြီး ပြီးခဲ့တဲ့ မတ်လအကုန်က 5G Commercial ကွန်ရက်ပိုင်းအတွက် တယ်လီကွန်းကုမ္ပဏီတွေနဲ့စာချုပ်ပေါင်း ၄၀ ချုပ်ဆိုနိုင်ခဲ့တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က