refund ပြန်ပေးမှာ မဟုတ်ပါဘူး
Nyein Min Wai

အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ငြိစွန်းတာကြောင့် Adobe ဟာ ဗင်နီဇွဲလားနိုင်ငံမှာ Photoshop နဲ့တစ်ခြား Adobe ဆော့ဖ်ဝဲလ် ဝန်ဆောင်မှုတွေ ပိတ်ချခဲ့ပါတယ်။

အမေရိကန် နိုင်ငံစုံ ကွန်ပျူတာဆော့ဖ်ဝဲလ်ကုမ္ပဏီ Adobe ဟာ အမေရိကန်အစိုးရရဲ့ ဆန်ရှင်အတိုင်း ပိတ်ဆို့မှုလုပ်ခဲ့တဲ့ ပထမဆုံး နည်းပညာကုမ္ပဏီလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရို ရာထူးက ဆင်းပေးဖို့ဖိအားပေးတဲ့ အနေနဲ့ပြီးခဲ့တဲ့ သြဂုတ်လက ကုန်သွယ်မှုအားလုံးကို ပိတ်ပင်ခဲ့ပါတယ်။


Photo: flipboard

Adobe ဝန်ဆောင်မှု သုံးစွဲနေတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေဟာ အောက်တိုဘာ ၂၈ ရက်နေ့အထိ ကိုယ့်ရဲ့ contents တွေကို ဒေါင်းလုပ်ဆွဲနိုင်ပြီးနောက်ပိုင်းမှာ အကောင့်တွေ Deactivate ချသွားမှာ ဖြစ်တယ်လို့ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းမှာ ဖော်ပြထားပါတယ်။

" အမေရိကန်အစိုးရဟာ အထူးအမိန့်စာအမှတ် ၁၃၈၈၄ ထုတ်ထားပါတယ်။ အမေရိကန်ကုမ္ပဏီတွေ ၊ လုပ်ငန်းတွေနဲ့လူတွေအနေနဲ့ဗင်နီဇွဲလားနိုင်ငံနဲ့အကူအသန်းလုပ်မှုအားလုံးလိုလို ကန့်သတ်ခံရတာကြောင့် ဒီအမိန့်အတိုင်း Adobe ဟာ ဗင်နီဇွဲလားအကောင့်အားလုံးကို ဖြတ်တောက်ထားပါတယ်။ " လို့ဗင်နီဇွဲလားက ဖောက်သည်တွေကို ပေးပို့တဲ့ Adobe ရဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

ဗင်နီဇွဲလားက Adobe ဝန်ဆောင်မှု သုံးသူတွေအနေနနဲ့ဒီဝန်ဆောင်မှုအတွက် ဝယ်ထားတာတွေကနေ ပြန်အမ်းငွေ ရမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ Adobe ရဲ့ အဆိုအရ ဒီအထူးအမိန့်စာထဲမှာ ရောင်းချခြင်း ၊ ဝန်ဆောင်မှု ၊ ပံ့ပိုးခြင်း ၊ ငွေပြန်အမ်းခြင်း ၊ credits ကိစ္စစသည်ဖြင့် အားလုံး ဖြတ်တောက်လိုက်တာ ဖြစ်တယ်လို့ပြောထားပါတယ်။


Photo: Tech.co

ဒီပိတ်ဆို့မှုကြောင့် Adobe ရဲ့ ဒီဇိုင်းဆော့ဖ်ဝဲလ်တွေ ဖြစ်တဲ့ Photoshop နဲ့Illustrator လိုဆော့ဖ်ဝဲလ်တွေကို အားကိုးနေရတဲ့ ဒီဇိုင်နာနဲ့freelancers တွေအတွက်တင် ဒုက္ခရောက်တာ မဟုတ်ဘဲ InDesign ၊ Acrobat နဲ့Reader တို့လို ဆော့ဖ်ဝဲလ်တွေ သုံးနေတဲ့ ဗင်နီဇွဲလားက NGOs နဲ့မီဒီယာတွေလည်း အခက်တွေ့ကုန်မှာပါ။

ဒါအပြင် Creative Cloud အကောင့်တစ်ခု လိုအပ်တဲ့ Adobe ရဲ့ portfolio site ဖြစ်တဲ့ Behance လို အခမဲ့ဝန်ဆောင်မှုတွေအပေါ်ပါ သက်ရောက်မှု ရှိလာပါတယ်။ အမေရိကန်အစိုးရရဲ့ ဗင်နီဇွဲလားပေါ် ဆန်ရှင်ချမှုမှာ နောက်ထပ် ဘယ်နည်းပညာကုမ္ပဏီတွေ ပါဝင်လာမလဲဆိုတာ မသိရသေးပါဘူး။


က္က