ဝန်ထမ်းပေါင်း ၉၆၀ ခန့်ကို အလုပ်ဖြုတ်ခဲ့တာပါ

Microsoft ပိုင် အွန်လိုင်းအလုပ်အကိုင် ချိတ်ဆက်ရေးပလက်ဖောင်းတစ်ခု ဖြစ်တဲ့ LinkedIn ဟာ ဝန်ထမ်းအင်အား ၆% အထိ လျှော့ချသွားမယ်လို့ ဆိုပါတယ်။

COVID-19 ကပ်ဘေးအတွင်း ပလက်ဖောင်းပေါ်မှ ဝန်ထမ်းခေါ်ယူမှု နည်းလာခြင်းကြောင့် LinkedIn ဟာ ကမ္ဘာအနှံ့မှာ ရှိတဲ့ ကုမ္ပဏီရဲ့ ရောင်းအားနဲ့ ကျွမ်းကျင်လုပ်သားရှာဖွေတဲ့ ဌာနမှ ဝဝ်ထမ်းပေါင်း ၉၆၀ ခန့်ကို အလုပ်ဖြုတ်ခဲ့တာ ဖြစ်တယ်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။ ဒါဟာ LinkedIn ရဲ့ ကမ္ဘာ့ဝန်ထမ်းအင်အားထဲက ၆% ဝန်းကျင်လည်း ဖြစ်ပါတယ်။



Photo: headtopics


"ကမ္ဘာ့ကပ်ဘေးသက်ရောက်မှုကို LinkedIn အနေနဲ့ ခံနိုင်ရည်မရှိပါဘူး" လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ရိုင်ယန် ရော့စ်လန်စကီက ဝန်ထမ်းတွေကို အသိပေးတဲ့ အီးမေးလ်မှာ ရေးထားပါတယ်။ "COVID-19 က အလုပ်အကိုင်ငှားရမ်းမှုပေါ် သက်ရောက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ LinkedIn Talent Solutions စီးပွားရေးနဲ့ ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုလုံး ထိခိုက်မှု ရှိခဲ့ပါတယ်။"

COVID-19 ကြောင့်အပြင် တစ်ခြားအကြောင်းအရင်းအနေနဲ့ LinkedIn ဟာ LinkedIn Marketing Solutions နဲ့ Talent Solutions စီးပွားရေးနှစ်ခုကို ပူးပေါင်းလိုက်တာကလည်း ဝန်ထမ်းအင်အားတစ်ချို့ ဖြုတ်ချဖို့ ဖြစ်နိုင်ပါတယ်။ အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းတွေဟာ LinkedIn မှ ထုတ်ပေးထားတဲ့ ပစ္စည်းများနဲ့အတူ အနည်းဆုံး၁၀ ပတ်စာ လုပ်သက်ကြေးလည်း ရရှိမှာ ဖြစ်ပါတယ်။

Photo: Global News

အမေရိကန်မှာ နေထိုင်သူများအတွက် LinkedIn ဟာ ၁၂ လစာ ကျန်းမာရေးအာမခံပေးသွားမှာ ဖြစ်ပြီး တစ်ခြားနိုင်ငံက LinkedIn ဝန်ထမ်းတွေကိုတော့ ၆ လစာ ကျန်းမာရေးအာမခံပေးသွားမှာပါ။ ဒါ့အပြင် အလုပ်သစ်ရှာဖွေရာမှာ အကူအညီပေးဖို့အတွက် ၆ လပရိုဂရမ်တစ်ခုလည်း လုပ်နေပြီး ကုမ္ပဏီမှ စပွန်ဆာပေးထားတဲ့ ဗီဇာရှိသူများအတွက်လည်း ထောက်ပံ့ကူညီသွားမှာပါ။

Microsoft ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲမှာ LinkedIn ကို ဒေါ်လာ၂၆.၂ ဘီလျံနဲ့ ဝယ်ခဲ့ပါတယ်။ LinkedIn ကို ဝယ်ယူမှုဟာ Microsoft ရဲ့ အကြီးမားဆုံး လုပ်ငန်းဝယ်ယူမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က