ကူးစက်ခံ Amazon ဝန်ထမ်းအရေအတွက် မသိရသေးပါဘူး

အင်ဒီယာနာပိုလစ်မှ Amazon သိုလှောင်ရုံဝန်ထမ်းတစ်ဦး COVID-19 ကြောင့် သေဆုံးသွားတယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။

IND8 သိုလှောင်ရုံမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတစ်ဦး သေဆုံးမှုကို ဧပြီ ၃၀ ရက်နေ့မှာ ကုမ္ပဏီဘက်မှ သိရှိခဲ့တာပါ။ ကုမ္ပဏီကတော့ အင်ဒီယာနာပိုလစ် သိုလှောင်ရုံဝန်ထမ်း သေဆုံးမှုကို သိရှိရပြီးနောက် အဆောက်အဦထဲမှာ ဝန်ထမ်းအားလုံးကို ချက်ချင်းအသိပေးခဲ့တယ်လို့ ဆိုပါတယ်။IND8 မှ ဝန်ထမ်းအများအပြားဟာ ‌ဒီသေဆုံးတဲ့ သတင်းကို ကောလာဟလတွေကနေ တစ်ဆင့် အရင်ဆုံးသိပြီး ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်မှ စီမံခန့်ခွဲမှုဌာနကနေ ကျယ်ကျယ်ပြန့်ပြန့် အသိပေးအကြောင်းကြားလာတယ်လို့ ပြောပါတယ်။



Photo: Bloomberg

''လူတွေက မေးခွန်းတွေ မမေးဘူးဆိုရင် သူတို့ဘက်က ဘာမှ ပြောမှာ မဟုတ်ဘူး'' လို့ IND8 မှ အမည်မဖော်တဲ့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ Amazon ဟာ လုပ်ငန်းခွင်အတွင်း သိုလှောင်ရုံဝန်ထမ်း ဘယ်နှစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ဘယ်နှစ်ယောက် သေဆုံးသွားတယ်ဆိုတာ ပြောကြားဖို့ ထပ်တလဲလဲ ငြင်းဆန်ထားပါတယ်။ 

ဧပြီလကုန်မှာ သေဆုံးခဲ့တဲ့ ဒီဝန်ထမ်းဟာ COVID-19 ကြောင့် အသက်ဆုံးရှုံးခဲ့တဲ့ သတ္တမမြောက် Amazon ဝန်ထမ်းဖြစ်တယ်လို့ The Verge သတင်းက ဆိုပါတယ်။ ပြည်နယ် ၁၃ ခုမှ ရှေ့နေတွေဟာလည်း COVID-19 ဖြစ်ပွားမှုနဲ့ အသေစာရင်း အချက်အလက် အတိအကျပေးဖို့ Amazon ကို တောင်းဆိုထားပါတယ်။ IND8 မှာ COVID-19 ကူးစက်ခံရသူ တစ်ဒါဇင်ခန့် ရှိမယ်လို့ အလုပ်သမားတွေက ယုံကြည်နေပါတယ်။

Photo: ohsonline

အင်ဒီယာနားမှ Amazon သိုလှောင်ရုံ လုပ်သား တစ်ဦး ဖြစ်တဲ့ ယန်းဂျမ့်ဟာ နိုင်ငံတစ်ဝှမ်းမှ အလုပ်သမားတွေဆီက အကြောင်းကြားမှုတွေ စုစည်းပြီးနောက် အနည်းဆုံး Amazon သိုလှောင်ရုံဝန်ထမ်း ၈၀၀ ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။ အင်ဒီယာနာပိုလစ်မှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှု ဖြစ်စဉ်ဟာ ပြည်နယ်အတွင်း Amazon သိုလှောင်ရုံဝန်ထမ်းသေဆုံးမှု ဒုတိယမြောက် ဖြစ်စဉ် ဖြစ်ပါတယ်။

နယူးယော့ပြည်နယ် လောင်းအိုင်းစ်လန်းမှ အသက် ၅၉ နှစ်အရွယ် Amazon ဝန်ထမ်း ဂျော့ချ် လိုင်းဂ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးခဲ့တဲ့ ဆဌမမြောက် Amazon ဝန်ထမ်း ဖြစ်ပါတယ်။ သူဟာ Bethpage မှာ ရှိတဲ့ Amazon သိုလှောင်ရုံမှာ မတ်လ ၂၈ နေ့အထိ အလုပ်ဆင်းခဲ့တာပါ။ Amazon ဟာ နိုင်ငံအနှံ့ သိုလှောင်ရုံ ၁၇၅ ခု လည်ပတ်နေပြီး COVID-19 ကြောင့် သေဆုံးတဲ့ စာရင်းကို အခုချိန်အထိ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က