သုံးနိုင်ငံ ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းတွေ ပူးတွဲထုတ်ပြန်ထားတာပါ

ရုရှားထောက်လှမ်းရေးမှ ဟက်ကာတွေဟာ COVID-19 ဆေးဝါးထုတ်လုပ်မှုမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ အမေရိကန် ၊ ယူကေနဲ့ ကနေဒါအာဏာပိုင်တွေက ဆိုပါတယ်။

ယူကေအမျိုးသားဆိုင်ဘာလုံခြုံ‌ရေးစင်တာ (NCSC) ၊ ကနေဒါ ဆက်သွယ်ရေးလုံခြုံမှု အဖွဲ့အစည်း ၊ အမေရိကန်ပြည်ထဲရေးဌာန ၊ ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အဦ လုံခြုံမှုအေဂျင်စီ (CISA) တို့ ပူးပေါင်းပြီး တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ Dukes နဲ့ Cozy Bear လို့လည်း လူသိများတဲ့ APT29 သူလျှိုအဖွဲ့အစည်းဟာ COVID-19 ဆေးဝါထုတ်လုပ်မှု အချက်အလက်တွေ ခိုးယူဖို့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။



Photo: The Guardian

CNET သတင်းအရ Cozy Bear (APT29) အဖွဲ့အစည်းဟာ ၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ဒီမိုကရက်တစ်အမျိုးသားကော်မတီကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့တဲ့ ရုရှားထောက်လှမ်းရေး Hacking Group ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ APT29 ကမ်ပိန်းဟာ အဖိုးတန်တဲ့ ဉာဏပိုင်ဆိုင်မှုများ ခိုးယူဖို့ အစိုးရနဲ့ သံတမန်ဆိုင်ရာ နိုင်ငံရေးသုတေသနအဖွဲ့အစည်းများ ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စွမ်းအင်ကဏ္ဍတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။ 

" အခုချိန်မှာ အရေးကြီးဆုံး ပိုင်ဆိုင်မှုနဲ့ ထိပ်တန်းဦးစားပေးရမှာက ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေးကဏ္ဍကို ကာကွယ်ဖို့ ဖြစ်တယ်လို့ NCSC အနေနဲ့ ကတိကဝတ်ပြုထားပါတယ်။" လို့ NCSC ရဲ့ လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ ပေါချိုက်ချက်စတာက ပြောပါတယ်။

APT29 ရဲ့ ပစ်မှတ်ထဲမှာ ယူကေ ၊ အမေရိကန် နဲ့ ကနေဒါဆေးဝါးသုတေသနနဲ့ ဖွံ့ဖြိုးမှုအဖွဲ့အစည်းတွေ ပါဝင်နေပြီး WellMess နဲ့ WellMail တို့လို malware တွေ သုံးနေတယ်လို့ ဆိုပါတယ်။ ယူကေရဲ့ နိုင်ငံခြားရေးအတွင်းဝန် ဒိုမီနစ်ရက်ဗ်ကလည်း ရုရှားထောက်လှမ်းရေးတွေရဲ့ လုပ်ရပ်ဟာ လုံးဝလက်ခံနိုင်စရာမရှိကြောင်း အပြစ်တင်ပြောကြားခဲ့ပါတယ်။

Photo: cbsnews1

COVID-19 ကူးစက်မှု ကမ္ဘာအနှံ့မြင့်တက်နေချိန်မှာ နိုင်ငံအများအပြားဟာ ဆေးသုတေသနကို တိုက်ရိုက်တိုက်ခိက်နေတဲ့ နိုင်ငံတကာ ဆိုက်ဘာတိုက်ခိုက်မှုတွေ ရှိကြောင်း သတိပေးထားပါတယ်။ မေလထဲမှာပဲ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများဆီက နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ် ‌ဆေးဝါးအချက်အလက်များ ခိုးဖို့ တရုတ်နိုင်ငံဟာ ရန်ပုံငွေထောက်ပံ့ခြင်းနဲ့ ဆိုက်ဘာတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေတယ်လို့ FBI နဲ့ CISA တို့က တရားဝင် စွပ်စွဲမှု လုပ်ခဲ့ပါတယ်။

၂၀၂၀ နှစ်ဆန်းပိုင်းမှာပဲ တရုတ် ၊ အီရန် ၊ မြောက်ကိုရီးယား နဲ့ ရုရှားနိုင်ငံများမှ နည်းပညာမြင့် ဟက်ကာအဖွဲ့တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများ ၊ ဆေးဝါးကုမ္ပဏီများ ၊ တက္ကသိုလ်များ ၊ ဆေးသုတေသန အဖွဲ့အစည်းနဲ့ ဒေသတွင်း အစိုးရအဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်နေတယ်လို့ ယူကေနဲ့ အမေရိကန်တို့ဟာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

Share

Loading Next Article...
က္က