ရုံးခန်းအများအပြားလည်း ပိတ်သွားမှာပါ

GPS လမ်းညွှန်ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ Waze ဟာ ကမ္ဘာအနှံ့မှာ ရှိတဲ့ ဝန်ထမ်းအင်အားစုစုပေါင်းရဲ့ ၅% လျှော့ချသွားမယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေဆီကို အသိပေးတဲ့ အီးမေးလ်မှာ ဝန်ထမ်းအင်အား ၃၀ ခန့် လျှော့ချသွားမယ့်အကြောင်း ကုမ္ပဏီရဲ့ CEO နိုအမ်ဘာဒင်က အသိပေးပြောကြားခဲ့တာပါ။ စုစုပေါင်း ဝန်ထမ်းအင်အား ၅၅၅ ဦးရှိတဲ့ ဒီကုမ္ပဏီဟာ ဝန်ထမ်းဦးရေရဲ့ ၅% ကို လျှော့ချသွားမှာ ဖြစ်ပါတယ်။ 



Photo: Business Insider

Waze ဟာ အာရှပစိဖိတ်နဲ့ လက်တင်အမေရိကဒေသမှ ရုံးအတော်များများကိုလည်း ပိတ်သွားမယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။ တစ်ချို့ဈေးကွက်တွေကို ပစ်မှတ်ထားပြီး စီးပွားရေးလုပ်ငန်းတွေ အာရုံစိုက်သွားဖို့ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာအနှံ့မှာ လမ်းတွေရှင်းနေပြီး မြို့အများအပြား Lockdown ချထားတွေကလည်း အခုလို ဝန်ထမ်းတွေကို အလုပ်လျှော့တဲ့အခြေအနေ ရောက်စေခဲ့တာပါ။

နိုအမ်ဘာဒင်ရဲ့ အီးမေးလ်မှာ ကိုဗစ်ကာလအတွင်း ခရီးသွားလာမှု ကန့်သတ်လိုက်တာကြောင့် Waze app သုံးပြီး ကားမောင်းတဲ့ မိုင်နှုန်း သိသိသာသာ ကျဆင်းလာခဲ့သလို ကြော်ငြာဝင်ငွေလည်း ကျသွားခဲ့တယ်လို့ ပါရှိပါတယ်။ ဧပြီလမှာ ထုတ်ပြန်တဲ့ Waze ရဲ့ ဘလော့ဂ်ပို့စ်တစ်ခုမှာ COVID-19 ကာလ တစ်ကမ္ဘာလုံး ကားမောင်းနှင်တဲ့ မိုင်ပမာဏဟာ ၆၀% အထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: The Verge

အလုပ်လျှော့လိုက်တဲ့ ဝန်ထမ်းတွေဟာလည်း Waze ရဲ့ ကြော်ငြာအရောင်းဌာန ၊ partnership ပိုင်းနဲ့ ဈေးကွက်ဌာနတွေမှ ဖြစ်တယ်လို့ ဆိုပါတယ်။ Waze ဟာ စင်ကာပူ ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ မလေးရှား ၊ ကိုလံဘီယာ ၊ အာဂျင်တီးနားနဲ့ ချီလီတို့မှ ရုံးခန်းတွေလည်း ပိတ်သွားမှာပါ။ 

Google ဟာ ၂၀၁၃ ခုနှစ်မှာ Waze ကို ဒေါ်လာ ၁.၂ ဘီလျံပေးပြီး ဝယ်ခဲ့တာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က