မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် MCF ဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်အတွင်း အိမ်မှာနေပြီး အလုပ်လုပ်သူများနဲ့ ပညာလေ့လာလိုသူများအတွက် ဝန်ဆောင်ခနှုန်းထား ဖြေလျှော့ပေးဖို့ ဆက်သွယ်ရေးကုမ္ပဏီများနဲ့ ညှိနှိုင်းနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မတ်လ ၃၀ ရက် (ဒီနေ့)မှာ MCF ဟာ "Coronavirus Disease 2019 (COVID-19) ကာကွယ်ရေးတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ပါဝင်လှုပ်ရှားဆောင်ရွက်မှု" လို့ ခေါင်းစဉ်နဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
Photo: MCF Facebook
ဒီကြေညာချက်ထဲမှာ COVID-19 ကာကွယ်ရေးကာလအတွင်း မိုဘိုင်းဒေတာအသုံးပြုသူများ သက်သာစွာ အသုံးပြုနိုင်ရေးအတွက် Price Floor (ကြမ်းခင်းဈေးနှုန်းများ ) သတ်မှတ်ခြင်းကို ဖြေလျှော့ပေးဖို့ ၊ e-Learning Siteများနဲ့ Video Conferencing ပလက်ဖောင်းများကို ကာလတစ်ခုအတွင်း မိုဘိုင်းဒေတာများ အခမဲ့ ဖြစ်စေ သက်သာတဲ့ နှုန်းထားနဲ့ ဖြစ်စေ အသုံးပြုခွင့် ရနိုင်ရေးအတွက် ဆက်သွယ်ရေးကုမ္ပဏီများကို တင်ပြညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။
MCF ဟာ COVID-19 သတင်းအချက်အလက်များ တရားဝင် ထုတ်ပြန်ပေးနေတဲ့ Facebook နဲ့ Viber စာမျက်နှာများ Verified Profiles (Blue Badges) များ ရရှိရေးနဲ့ COVID-19 သတင်းများ တိုက်ဖျက်ရေးအတွက်လည်း ဆိုရှယ်မီဒီယာကုမ္ပဏီများနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကြေညာထားပါတယ်။
Photo: Duwun Tech
COVID-19 ကာကွယ်လှုပ်ရှားမှုအဖြစ် MCF ဟာ အလှူရှင်ငယ်များနဲ့ ပြည်ပရောက် မြန်မာများ အွန်လိုင်းမှတစ်ဆင့် လှူဒါန်းမှု လုပ်နိုင်မယ့် Crowd Funding ပလက်ဖောင်းတစ်ခုလည်း တည်ထောင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ နည်းပညာပိုင်းဆိုင်ရာ စီမံကိန်းတွေအဖြစ် COVID-19 ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်နဲ့ ဗဟုသုတများ ကြည့်ရှုနိုင်မယ့် COVID-19 Portal တစ်ခု တည်ဆောက်နေသလို ဌာနဆိုင်ရာများအတွက် နည်းပညာကူညီထောက်ပံ့ခြင်း ၊ Chatbot များ တည်ဆောက်ခြင်းများ လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ ကူးစက်ခံရသူများနဲ့ ရောဂါသံသယရှိသူများအတွက် Quarantine Reporting နဲ့ Tracking app များ ရေးဆွဲခြင်း ၊ COVID-19 ကာကွယ်ရေးနဲ့ အခြားအုပ်ချုပ်ရေး လုပ်ငန်းစဉ်များအတွက် လိုအပ်တဲ့ နည်းပညာ ပံ့ပိုးခြင်းများ လုပ်ဆောင်နေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။