တက္ကဆက်မှာလည်း လက်လီစတိုးတွေ ထပ်ပိတ်နေပါတယ်
Nyein Min Wai

အမေရိကန်နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေတာကြောင့် ဖလော်ရီဒါမှာ ရှိတဲ့ Apple Store ဆိုင် ၁၄ ဆိုင် ထပ်ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ Apple ဟာ ဖလော်ရီဒါ ၊ မြောက်ကယ်ရိုလိုင်းနား ၊ တောင်ကယ်ရိုလိုင်းနားနဲ့ အရီဇိုးနားတို့မှာ ရှိတဲ့ စတိုးဆိုင် ၁၁ ဆိုင်တို့ကို ယာယီပိတ်သိမ်းမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဒီတစ်ပတ်ဗုဒ္ဓဟူးနေ့မှာလည်း တက္ကဆက်ပြည်နယ်မှာ ရှိတဲ့ လက်လီစတိုး ၇ ဆိုင်ကို ထပ်မံပိတ်သွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ 

Photo: CNBC

Tech Crunch သတင်းအရ Apple ဟာ ဖလော်ရီဒါမှာ ရှိတဲ့ Apple Store ဆိုင် ၁၄ ဆိုင်ပါ ယာယီထပ်မံ ပိတ်ထားမယ်လို့ ဖော်ပြထားပါတယ်။ ဖလော်ရီဒါမှာ COVID-19 ကူးစက်ခံရသူပေါင်း ၁၁၄၀၀ ကျော် ရှိလာပြီး သေဆုံးသူ ၃၀၀၀ ကျော် ရှိလာပါတယ်။ ဖလော်ရီဒါဟာ COVID-19 ကူးစက်မှုအမြင့်ဆုံး ပြည်နယ်တွေထဲမှာ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။

"လတ်တလော ကြုံနေရတဲ့ COVID-19 အခြေအနေတွေကြောင့် ဒေသတွင်းက စတိုးဆိုင်များ ယာယီပိတ်နေပါတယ်။ အခြေအနေကို သတိထားစောင့်ကြည့်နေပြီး တတ်နိုင်သမျှ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးနေဖို့ မျှော်လင့်နေပါတယ်။"လို့ Apple မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

Photo: Tech Crunch

Apple ဟာ COVID-19 ကူးစက်မှုကို လျှော့ချဟန့်တားဖို့ မတ်လထဲမှာ နိုင်ငံအနှံ့မှာ ရှိတဲ့ Apple Store အားလုံး ပိတ်ထားပြီး မေလထဲမှာ ပြန်ဖွင့်ဖို့ စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ COVID-19 ကူးစက်မှု မြင့်တက်လာတာကြောင့် Apple Store တွေ ပြန်ပိတ်လာတာ ဖြစ်ပြီး လက်ရှိအချိန်အထိ နိုင်ငံအတွင်း ဖွင့်လှစ်ထားရာကနေ ပြန်ပိတ်သွားမယ်လို့ ကြေညာထားတဲ့ Apple Store ပေါင်း ၃၂ ဆိုင်အထိ ရှိလာပြီ ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အမြင့်ဆုံးခံစားကြုံတွေ့နေတဲ့ နိုင်ငံ ဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၂.၅ သန်းကျော်နဲ့ သေဆုံးသူ ၁ သိန်း ၂ သောင်းကျော် ရှိထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က