ဒေါ်လာသန်း ၃၅၀ ကျော် သုံးသွားမှာပါ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်အတွင်း ဈေးကွက်လိုအပ်ချက်မြင့်မားလာခြင်းကြောင့် Amazon ဟာ ပစ္စည်းပို့ဆောင်ရေးနှင့် ကုန်စည်သိုလှောင်ရေးအတွက် ဝန်ထမ်းသစ်ပေါင်း ၁၀၀၀၀၀ အထိ ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အကြီးဆုံး e-Commerce လက်လီလုပ်ငန်းစုကြီးဟာ ကမ္ဘာအရပ်ရပ်က ကုန်ပစ္စည်းအမှာစာ လက်ခံဌာနများ ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းခွင်များ ၊ အရောင်းဆိုင်များနှင့် အိမ်အရောက်ပစ္စည်းပို့ဆောင်ရေးများမှာ ဝန်ထမ်းအင်အား တိုးချဲ့ဖို့ ဒေါ်လာသန်း ၃၅၀ ကျော် ရင်းနှီးမြှပ်နှံသွားဖို့ ရှိတယ်လို့လည်း ZDNet သတင်းက ဖော်ပြထားပါတယ်။



Photo: Yahoo News


ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအတွင်း ရောဂါကာကွယ်ဖို့ အိမ်တွင်းအောင်းနေတဲ့ အမေရိကန်တွေ များလာပြီး အိမ်သုံးပစ္စည်းတွေ ဝယ်ယူဖို့ Amazon လိုမျိုး e-Commerce စတိုးတွေကို ပိုပြီး အသုံးပြုလာကြပါတယ်။ လက်ရှိမှာ Amazon Prime ပစ္စည်းပို့ဆောင်ရေးဟာ နှေးကွေးကြန့်ကြာနေပြီး အဝယ်လိုက်နေတဲ့ အိမ်သုံးပစ္စည်းတွေလည်း ပစ္စည်းပြတ်လပ်မှု ကြုံတွေ့နေပါတယ်။

Amazon ဟာ အချိန်ပြည့်နဲ့ အချိန်ပိုင်း ဝန်ထမ်းတွေကို ဧပြီလကုန်အထိ တစ်နာရီလုပ်ခ ၂ ဒေါ်လာစီ (EU မှာ ၂ ယူရို ၊ ယူကေမှာ ၂ ပေါင်နှုန်း) တိုးပေးသွားမယ်လို့လည်း ဆိုပါတယ်။ COVID-19 ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း Amazon နဲ့ မိတ်ဘက်ပါတနာတွေဟာ အရေးကြီး ထောက်ပံ့ပစ္စည်းလိုအပ်သူတွေရဲ့ အိမ်တံခါးအရောက် တိုက်ရိုက်ပို့ဆောင်ပေးနေပါတယ်လို့ Amazon ရဲ့ ကမ္ဘာ့ဈေးကွက်လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးတန်း ဒုဥက္ကဌ ဒေ့ဗ်ကလာ့ခ်ရဲ့ ဘလော့ဂ်မှာ ရေးထားပါတယ်။

" ကျန်းမာရေးကြောင့် အချင်းချင်း အဆက်အသွယ်ဖြတ်နေရတဲ့ လူ့အဖွဲ့အစည်းမှာ ဦးစားပေးပစ္စည်းအမျိုးအစားတစ်ခုကို သင့်အိမ်တံခါးအရောက် ပို့ဆောင်ဖို့ဆိုတာ အသက်တမျှအရေးပါပါတယ်။ ဈေးကွက်ဝယ်လိုအား ထိုးတက်လာတာကြောင့် ကျွန်တော်တို့ဟာ ဒီနှစ်ထဲမှာ မကြုံဖူးလောက်အောင် ဝန်ထမ်းလိုအပ်ချက်မြင့်လာပါတယ်။" လို့ ဒေ့ဗ်ကလာ့ခ်က ဆိုပါတယ်။

Photo: WBUR


လက်ရှိ Amazon ဝန်ထမ်းတွေထဲက COVID-19 ကူးစက်ခံရသူတွေနဲ့ ရောဂါအခြေအနေစောင့်ကြည့်ထားရသူအားလုံးကို လစာမပြတ် ခွင့်နှစ်ပတ် ပေးထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေအတွက် ငွေကြေးအကူအညီပေးဖို့အတွက်လည်း Amazon Relief Fund အစီအစဉ်နဲ့ ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှပ်နှံထားပါတယ်။

ဩစတြေးလျ လက်လီစူပါမားကတ်လုပ်ငန်း Coles ဟာလည်း နိုင်ငံအနှံ့ ဈေးဝယ်စင်တာတွေမှာ အလုပ်လုပ်ဖို့ ယာယီဝန်ထမ်းပေါင်း ၅၀၀၀ ကျော် ခန့်အပ်ထားပါတယ်။ COVID-19 ကပ်ဘေးအတွင်း လက်လီအရောင်းဆိုင်တွေမှာ မရှိမဖြစ် အိမ်သုံးပစ္စည်းတွေ ဖြစ်တဲ့ အိမ်သာသုံးစက္ကူ ၊ ဆန် ၊ ဂျုံနဲ့ လက်ဆေးရည်များ အဝယ်နေတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က