ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားပါတယ်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်အတွင်း ဝန်ထမ်းများ အိမ်မှာနေရင်း အလုပ်လုပ်ကြဖို့ Twitter ၊ Google ၊ Amazon နဲ့ Facebook စတဲ့ နည်းပညာကုမ္ပဏီကြီးတွေမှ တိုက်တွန်းထားပါတယ်။

နိုင်ငံပေါင်း ၁၁၄ နိုင်ငံမှာ လူပေါင်း ၁ သိန်း ၂ သောင်းခန့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် WHO ဟာ COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် တရားဝင်ကြေညာခဲ့ပါတယ်။ သေဆုံးသူ ၄၀၀၀ ကျော် ရှိလာပြီးနောက် Twitter ဟာ အချိန်ပိုင်းနဲ့ စာချုပ်ချုပ်ထားတဲ့ ကန်ထရိုက် ဝန်ထမ်းတွေအားလုံးကို အိမ်ကနေပဲ အလုပ်လုပ်ရမယ့် Work-From-Home မူဝါဒကို ကြေညာခဲ့ပါတယ်။



Photo : The Independent


"ကျွန်တော်တို့ ဝန်ထမ်းအားလုံးကို တတ်နိုင်ရင် အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အလေးအနက် တိုက်တွန်းနေပါတယ်။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ကိုယ်တိုင်နဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနိုင်မှုကို လျှော့ချဖို့ပါ" လို့ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်ဆီ ရေးထားတဲ့ ပို့စ်မှာ ဖော်ပြထားပါတယ်။

Microsoft ကုမ္ပဏီကလည်း ဆီယက်တဲလ်နဲ့ ဆန်ဖရန်စစ္စကို ရုံးတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းများအနေနဲ့ မတ်လ ၂၅ ရက်နေ့အထိ အိမ်ကနေပဲ အလုပ်လုပ်ဖို့ ခွင့်ပြုထားတယ်လို့ The Verge သတင်းက ဆိုပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေရာ ဒေသတွေကို မဖြစ်မနေ စီးပွားရေးအရ ခရီးသွားခြင်းမှ တစ်ပါး သွားလာခွင့် ဖျက်သိမ်းထားပါတယ်။

မေလမှာ ကျင်းပမယ့် I/O Developer Conference ကို မကြာသေးခင်က ပယ်ဖျက်ထားကြောင်း ကြေညာခဲ့တဲ့ Google ကလည်း မြောက်အမေရိက ၊ ဥရောပ ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာ ရှိတဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေအားလုံးကို မတ်လ ၁၂ ရက်နေ့ကနေ ဧပြီ ၁၀ ရက်နေ့အထိ အိမ်မှာနေရင်း အလုပ်လုပ်ဖို့ အကြံပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဝန်ထမ်းများရှိကြောင်း သတင်းတွေထွက်နေတဲ့ Facebook နဲ့ Amazon တို့ကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ဖို့ အိမ်မှာနေရင်း အလုပ်လုပ်ရမယ့် အစီအစဉ်ကို ကြေညာထားပါတယ်။

CNBC သတင်းအရ Amazon ဟာ ဝါရှင်တန်မှာ ရှိတဲ့ ဆီယက်တဲလ်နဲ့ ဘဲလ်ဗျူးရုံးများမှ ဝန်ထမ်း ၂၀၀၀ ကျော်ကို မတ်လအကုန်အထိ ကိုယ့်အိမ်ကနေ အလုပ်လုပ်ဖို့ အသိပေးထားပါတယ်။ ဆီယက်တဲလ်မှာ ဝန်ထမ်း ၅၀၀၀ နဲ့ လည်ပတ်နေတဲ့ Facebook ကုမ္ပဏီဟာလည်း ဝန်ထမ်းများကို အလားတူ ညွှန်ကြားထားပါတယ်။



Photo: Hindustan Times

ဝါရှင်တန်ပြည်နယ် ဘဲလ်ဗျူးမှာ ရုံးစိုက်တဲ့ ဂိမ်းကုမ္ပဏီ Bungie ကလည်း ဝန်ထမ်းများ အိမ်မှာနေရင်း အလုပ်လုပ်ဖို့ ပြောထားပြီး အိမ်ကနေ ဂိမ်း develop လုပ်နိုင်ဖို့ Infrastructureတွေ ချပေးထားတယ်လို့ ဆိုပါတယ်။ ဝါရှင်တန်နဲ့ ကယ်လီဖိုးနီးယားက Nintendo ရုံးတွေမှာလည်း ဝန်ထမ်းများ အိမ်မှာနေရင်း အလုပ်လုပ်ဖို့ ခွင့်ပြုထားပါတယ်။

COVID-19 ကြောင့် MWC 2020 ၊ Google I/O Conference ၊ WWDC နဲ့ E3 ဂိမ်းပြပွဲများအပါအဝင် နာမည်ကြီး နည်းပညာပွဲများလည်း ဖျက်သိမ်းထားရပါတယ်။ မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းအထိ worldometers.info ရဲ့ အချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၆၃၈၀ ဦး ၊ သေဆုံးသူ ၄၆၃၄ ဦးနဲ့ ပြန်လည်သက်သာလာသူ ၆၈၃၀၇ ဦး ရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က