ဒေါ်လာ ၂၉ သန်းဖိုး လှူခဲ့တာပါ

တောင်ကိုရီးယားနည်းပညာကုမ္ပဏီ Samsung ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်နေကြတဲ့ ဒေသတွင်း အစိုးရနဲ့ လူ့အဖွဲ့အစည်းတွေအတွက် ဒေါ်လာ ၂၉ သန်းဖိုး လှူဒါန်းခဲ့ပါတယ်။

တစ်ခြားနည်းပညာကုမ္ပဏီကြီးတွေလိုပဲ Samsung Electronics ဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် လှူဒါန်းမှုတွေ လုပ်ဆောင်နေတာပါ။ လှူဒါန်းလိုက်တဲ့ ပစ္စည်းတွေထဲမှာ သန့်ရှင်းရေးသုံးပစ္စည်းအစိတ်အပိုင်းတွေနဲ့ Face Mask လို ဆေးဝါးနဲ့ ငွေကြေးအထောက်အပံ့တွေအပြင် စမတ်ဖုန်းနဲ့ တက်ဘလက်တွေလည်း ပါဝင်ခဲ့တယ်လို့ CNET သတင်းက ဆိုပါတယ်။



Photo: ZDNet


" စောင့်ကြပ်ကြည့်ရှုခံထားရတဲ့ လူနာတွေအနေနဲ့ မိသားစုဝင်တွေ ၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်နိုင်စေဖို့ စမတ်ဖုန်းတွေ လှူဒါန်းနေပါတယ်။ ဆေးရုံနဲ့ စောင့်ကြည့်လူနာများ ထားရှိရာစင်တာတွေမှာလည်း လေသန့်စက်နဲ့ တစ်ခြားဆေးပစ္စည်းအသုံးအဆောင်တွေ လှူနေပါတယ်။" လို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ထုတ်ပြန်တဲ့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Samsung ဟာ စာသင်ခန်းပြင်ပမှတစ်ဆင့် ကလေးငယ်များ ပညာသင်ကြားနိုင်စေဖို့ ပညာရေးဌာနတွေကိုလည်း တက်ဘလက်များ လှူဒါန်းထားတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒေသန္တရအစိုးရနဲ့ အဖွဲ့အစည်းတွေကို ပစ္စည်းနဲ့ ငွေကြေးထောက်ပံ့မှုဟာ စုစုပေါင်း ဒေါ်လာ၂၉ သန်းဖိုး ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ COVID-19 စတင်ကူးစက်ရာ ဗဟိုချက်ဌာနဖြစ်တဲ့ ဒေဂူးမြို့မှာလည်း Samsung ဟာ face mask ပေါင်း ၃၃၀၀၀၀ လှူဒါန်းထားပါတယ်။ ဒေဂူးမြို့နဲ့ အနီးမှာ ရှိတဲ့ ဂူမီမြို့ Samsung ဖုန်းစက်ရုံမှာလည်း COVID-19 ကူးစက်ခံ ဝန်ထမ်းတွေ့ရှိပြီးနောက် ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းမှာ စက်ရုံပိုးသတ်ပြီး ယာယီပိတ်ခဲ့ရပါတယ်။

Samsung အပါအဝင် Xiaomi ၊ OPPO ၊ Vivo ၊ Motorola နဲ့ LG တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားဖို့ မတ်လကုန်ပိုင်းမှာ အိန္ဒိယဖုန်းစက်ရုံများ ယာယီရပ်နားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကပ်ရောဂါဘေးကြောင့် ယခုနှစ်ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုပမာဏဟာ ၃၈% အထိ ကျဆင်းသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က