Terabytes နဲ့ ချီတဲ့ အချက်အလက်တွေ ခိုးယူခဲ့တယ်လို့ ဆိုပါတယ်

တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ ဟက်ကာနှစ်ဦးဟာ COVID-19 ဆေးဝါးဖွံ့ဖြိုးရေး သုတေသနဓါတ်ခွဲခန်းများကို ပစ်မှတ်ထားခိုးယူနေတယ်လို့ အမေရိကန်တရားရေးဌာနမှ စွပ်စွဲထားပါတယ်။

တရုတ်ဟက်ကာ နှစ်ဦးဖြစ်တဲ့ လီရှောင်းယု (၃၄ နှစ်) နဲ့ ဒေါင်ဇီယာချီ(၃၃နှစ်) တို့ဟာ အမေရိကန်အပါအဝင် ကမ္ဘာအနှံ့အပြားမှာ ရှိတဲ့ နည်းပညာမြင့်ကုမ္ပဏီကြီးတွေဆီမှ Terabytes နဲ့ချီတဲ့ အချက်အလက်တွေ ခိုးယူမှုလုပ်ခဲ့တယ်လို့ အ‌မေရိကန်တရားရေးပညာရှင်တွေက စွဲချက်တင်လိုက်တာပါ။ 



ဟက်ကာတွေဟာ COVID-19 ကုထုံးနဲ့ ဆေးဝါးဖော်ထုတ်နေတဲ့ မေရီလန်း ၊ မက်ဆာချူးဆက် နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေမှာ ရှိတဲ့ ဒါဇင်နဲ့ချီတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားခဲ့တယ်လို့ အမေရိကန်တရားရေးနယ်ပယ်မှ ပုဂ္ဂိုလ်တွေရဲ့ အဆိုကို ကိုးကားပြီး Tech Crunch သတင်းမှာ ဖော်ပြထားပါတယ်။ 


Photo: Tech Crunch

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက တရုတ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ ဆက်စပ်နေတဲ့ အမေရိကန်သုတေသနအချက်အလက်တွေ ခိုးဖို့ ကြိုးစားနေတယ်ဆိုတဲ့ FBI နဲ့ ပြည်ထဲရေးဘက်မှ သတိပေးချက်ထွက်ပေါ်လာပြီးနောက် အခုလို စွပ်စွဲမှုတွေ လုပ်လာတာပါ။ ဒီဟက်ကာနှစ်ဦးဟာ ဆယ်နှစ်ကျော်ကြာအောင် ကမ္ဘာ့နဲ့ချီပြီး Hacking Campaign တစ်ခု လုပ်ဆောင်ခဲ့တယ်လို့လည်း စွဲဆိုချက်မှာ ဖော်ပြထားပါတယ်။

အာဏာပိုင်တွေကတော့ ဟက်ကာတွေဟာ တရုတ်နိုင်ငံတော်လုံခြုံရေးဌာန (MSS) အပါအဝင် တရုတ်‌ထောက်လှမ်းရေးအေးဂျင့်တွေဆီက အ‌ထောက်အပံ့ကို အခါအားလျော်စွာ ရယူတယ်လို့လည်း ဆိုပါတယ်။ ၂၀၀၉ ခုနှစ်ကစပြီး ဒီဟက်ကာတွေဟာ ဒေါ်လာသန်းရာပေါင်းများစွာ တန်တဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်များ ၊ ဉာဏမူပိုင်ခွင့်နဲ့ တစ်ခြား အဖိုးတန် စီးပွားရေးလုပ်ငန်းသတင်းအချက်အလက်တွေ ခိုးယူခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

ဟက်ကာတွေ ပစ်မှန်ထားခံရတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်အပြင် ဩစတြေးလျ ၊ ဘယ်လ်ဂျီယံ ၊ ဂျာမဏီ ၊ ဂျပန် ၊ လစ်သူရေးနီးယား ၊ နယ်သာလန် ၊ စပိန် ၊ ဆွီဒင်နဲ့ ယူကေတို့လည်း ပါဝင်နေပါတယ်။ အမေရိကန်တရားရေးဌာနရဲ့ စွဲဆိုချက်အရ ဟက်ကာတွေဟာ ဗြိတိန်ထောက်လှမ်းရေးလုပ်ငန်း ၊ စပိန်ကာကွယ်ရေးကန်ထရိုက်တာတစ်ခုနဲ့ ဩစတြေးလျဆိုလာစွမ်းအင်ကုမ္ပဏီများအထိပါ ထိုးဖောက်ဝင်ရောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

Photo: Financial Times

COVID-19 သုတေသနကနေ ဘယ်လိုအချက်အလက်တွေ ရယူသွားသလဲဆိုတာကိုတော့ စွဲဆိုချက်မှာ မဖော်ပြထားပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေး လက်ထောက်ရှေ့နေချုပ် ဂျွန်စီ ဒီမားစ်ကတော့ "တရုတ်ဟာ ရုရှား ၊ အီရန်နဲ့ မြောက်ကိုရီးယားတို့နဲ့အတူ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူများအတွက် ဘေးကင်းရာ စခန်းတစ်ခုလို ထားရှိထားကြောင်း" ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းယီမှ အမေရိကန် COVID-19 သုတေသနတွေကို ခိုးယူဖို့ တရုတ်အနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်တယ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့ အတွေးသာ ဖြစ်တယ်လို့ ပြန်တုန့်ပြန်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာပဲ ရုရှားထောက်လှမ်းရေးမှ ပံ့ပိုးထားတဲ့ ဟက်ကာတွေဟာ COVID-19 ဆေးဝါးထုတ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်း အမေရိကန် ၊ ယူကေ နဲ့ကနေဒါ ဆိုက်ဘာလုံခြုံရေးအာဏာပိုင်တွေမှ ထုတ်ပြန်ခဲ့ပါတယ်။


Share

Loading Next Article...
က္က