နိုင်ငံတစ်ခုကနေ ထောင်ထားတဲ့ ဟက်ကာအဖွဲ့ဖြစ်ဖို့ရှိပါတယ်။
Nyein Min Wai

၂၀၁၂ ခုနှစ်ကစပြီး ဟက်ကာတွေဟာ ကမ္ဘာအနှံ့က မိုဘိုင်းလ်တယ်လီကွန်း carriers တွေရဲ့ စနစ်တွေထဲ ဝင်ရောက်နေခဲ့တယ်လို့ဆိုပါတယ်။

           ဘော်စတွန်အခြေစိုက် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Cybereason ကနေ ထုတ်ပြန်ချက်အရ ဟက်ကာတွေဟာ ဥရောပ ၊ အာရှ ၊ အာဖရိကနဲ့အရှေ့အလယ်ပိုင်းမှ မိုဘိုင်းအော်ပရေတာတွေရဲ့ ကွန်ရက်တွေကို သုံးပြီး အရေးပါတဲ့ အချက်အလက်တွေကို ၇ နှစ်ကျော်ကြာအောင် ခိုးယူနေခဲ့တယ်လို့ဖော်ပြထားပါတယ်။ Cybereason ရဲ့ လုံခြုံရေးသုတေသီတွေဟာ Operation Softcell လို့နာမည်ပေးထားတဲ့ တယ်လီကွန်းအော်ပရေတာတွေကို ပစ်မှတ်ထားနေတဲ့ ဟက်ကာတွေရဲ့ ကမ်ပိန်းတစ်ခုကို စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။

Photo: CNET

           Operation Softcell ဟာ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေနဲ့လူတွေရဲ့ ရာပေါင်းများစွာသော Gigabyte နဲ့ချီတဲ့ အချက်အလက်တွေကိုလည်း ခိုးယူထိန်းချုပ်နေတာလို့ဆိုပါတယ်။ Tech Crunch သတင်းအရ Operation Softcell ရဲ့ ဟက်ကာတွေဟာ ပြီးခဲ့တဲ့ ၇ နှစ်ကျော်အတွင်း မတူညီတဲ့ နေရာဒေသ ၂၀ ကျော်မှ အနည်းဆုံး ကွန်ရက် ၁၀ ခုကို စနစ်တကျ တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

           Cybereason ရဲ့ ဆိုင်ဘာလုံခြုံရေးပညာရှင်တွေကတော့ ဒီကမ်ပိန်းဟာ နိုင်ငံတစ်ခုခုရဲ့ ကျောထောက်နောက်ခံ ပံ့ပိုးမှုနဲ့လှုပ်ရှားနေတဲ့ ကမ်ပိန်းဖြစ်မယ်လို့ယုံကြည်နေကြပါတယ်။ မိုဘိုင်းလ်အော်ပရေတာတွေရဲ့ ကွန်ရက်ထဲ တိုက်ခိုက်မှုမှာ ဖုန်းခေါ်တဲ့ အချိန် ၊ နေ့ရက် ၊ နာရီနဲ့ခေါ်ဆိုတဲ့ နေရာအပါအဝင် ဖုန်းခေါ်မှု မှတ်တမ်းအသေးစိတ် အချက်အလက်များ ပါဝင်ခဲ့ပါတယ်။ မိုဘိုင်းအော်ပရေတာ တစ်ခုဟာ သူ့ရဲ့ ကွန်ရက် ဖောက်ထွင်းခံရတာ မသိဘူးဆိုရင် ဟက်ကာတွေဟာ ဒီအချက်အလက်တွေကို အချိန်နဲ့တပြေးညီ တိုက်ရိုက် ကြားဖြတ် ရယူနိုင်မှာပါ။

           ဟက်ကာတွေအနေနဲ့သူတို့ဝင်ရောက်ထားတဲ့ ကွန်ရက်တွေကို Shut Down ချနိုင်ပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က ဖျက်ဆီးဖို့ထက် သူလျှိုထောက်လှမ်းဖို့ဖြစ်မယ်လို့Cybereason ရဲ့ အကြီးအကဲ ဖြစ်သူ Amit Serper က CNET သတင်းကို ပြောကြားခဲ့ပါတယ်။ ဒီဟက်ကာတွေဟာ ထိပ်တန်း အစိုးရနဲ့စစ်တပ်တွေရဲ့ လှုပ်ရှားမှုနဲ့ဆက်သွယ်ချက်တွေကို ပစ်မှတ်ထားဖို့လည်း ရှိတယ်လို့ဆိုပါတယ်။

Photo: Tech Crunch

           တယ်လီကွန်းကွန်ရက်တွေကို ဆိုင်ဘာတိုက်ခိုက်မှု လုပ်ခဲ့ခြင်းကို ပြီးခဲ့တဲ့နှစ်ကမှ စတင် တွေ့ရှိခဲ့တာ ဖြစ်ပေမယ့် ၂၀၁၂ ကတည်းက စတင်ခဲ့ဖွယ်ရှိတယ်လို့လည်း Cybereason က ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး ဟက်ကာတွေရဲ့ ဆာဗာတွေကလည်း အလုပ်လုပ်နေဆဲမှာ ရှိနေပါတယ်။ ဟက်ကာတွေဟာ နောက်တစ်ကြိမ် ကွန်ရက်ထဲ လွယ်လင့်တကူ ဝင်နိုင်ဖို့အကောင့်တွေ ဖန်တီးထားသလို တစ်ချို့အခြေအနေမှာ VPN ဆက်သွယ်မှုတစ်ခုပါ ထောင်ထားတယ်လို့ဆိုပါတယ်။

           Operation SoftCell ကမ်ပိန်းမှာ အမေရိကန် တယ်လီကွန်း provider တွေ တိုက်ခိုက်မခံရသေးပေမယ့် ဒီတိုက်ခိုက်မှုဟာ NASA ၊ IBM အပါအဝင် အနည်းဆုံး အမေရိကန်နည်းပညာကုမ္ပဏီ ၄၅ ခုကို ပြီးခဲ့တဲ့နှစ်က တိုက်ခိုက်ပြီး အချက်အလက် ခိုးယူခဲ့တဲ့ APT 10 ( Advanced Persistent Threat 10) ဆိုတဲ့ တရုတ်ဟက်ကာအဖွဲ့မှာ သုံးသွားတဲ့ နည်းပညာတွေနဲ့ကိုက်ညီနေတယ်လို့ဆိုပါတယ်။ လက်ရှိအချိန်အထိ Operation SoftCell တိုက်ခိုက်မှု နောက်ကွယ်က အဖွဲ့အစည်းနဲ့ပတ်သက်ပြီး အတိအကျ မသိရသေးပါဘူး။


Author


က္က