၅ နှစ်အတွင်း အကြီးဆုံး consumer လုပ်ငန်း ဝယ်ယူမှုပါ
Nyein Min Wai

နာမည်ကျော် ထိပ်တန်း စမတ်နာရီကုမ္ဗဏီ Fitbit ကို Google ကဝယ်ယူလိုက်ပါတယ်။


Fitbit ကို Google က ဝယ်ယူဖို့စကားကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကတည်းက Reuters သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပြီး သောကြာနေ့မှာတော့ Fitbit ကို ဒေါ်လာ ၂.၁ ဘီလျံပေးပြီး ဝယ်တော့မယ်လို့Google ဘက်က ထုတ်ပြန်သွားပါတယ်။


Photo: Nikkei Asian review

Google ထုတ်ကုန်နဲ့ဝန်ဆောင်မှုပိုင်း အကြီးတန်း ဒုဥက္ကဌ ရစ်ခ်အော့စတာလို့ချ်ရဲ့ အဆိုအရ Fitbit ကို ဝယ်ယူခြင်းဟာ WearOS ပိုင်းမှာ ပိုပြီး ရင်းနှီးမြှပ်နှံ ဖြစ်ဖို့နဲ့ဈေးကွက်ထဲမှာ Google ထုတ် စမတ်လက်ပတ် ထုတ်ကုန်တွေ မိတ်ဆက်နိုင်ဖို့အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

အရောင်းအဝယ် သဘောတူညီမှုအရ Fitbit ဟာ Google နဲ့ပူးပေါင်းသွားမှာ ဖြစ်ပြီး Google ရဲ့ လက်အောက်မှာ သီးသန့်ဌာနတစ်ခုအဖြစ် ရပ်တည်သွားဖို့ရှိပါတယ်။ Fitbit ရဲ့ အဆိုအရ Google ဟာ ရှယ်ယာတစ်စုကို ၇.၃၅ ဒေါ်လာနဲ့ဝယ်ယူမယ်လို့ Tech Crunch က ဆိုပါတယ်။

လက်ရှိ တစ်ကမ္ဘာလုံးမှာ သုံးစွဲသူ ၂၈ သန်း ရှိထားတဲ့ Fitbit ကို ဝယ်ယူခြင်းဟာ Google အနေနဲ့၅ နှစ်အတွင်း အကြီးဆုံး ဈေးကွက်ဝင် ထုတ်ကုန်လုပ်ငန်းတစ်ခု ဝယ်ယူမှုဖြစ်ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်းက Google ဟာ အိမ်သုံး နည်းပညာစီးပွားရေးလုပ်ငန်း Nest ကို ဝယ်ယူချိန်က ဒေါ်လာ ၃ ဘီလျံ အသုံးပြုခဲ့ပါတယ်။

Fitbit ရဲ့ သီးခြား ထုတ်ပြန်ချက်မှာ ကုမ္ဗဏီအနေနဲ့ကျန်းမာရေးနဲ့ကိုယ်လက်ကြံ့ခိုင်ရေးဆိုင်ရာ အချက်အလက်တွေအတွက် privacy ပိုင်းကို အလေးအနက် ကိုင်တွယ်မှာ ဖြစ်ပြီး ဒီအချက်အလက်တွေကို Google ရဲ့ ကြော်ငြာပိုင်းမှာ အသုံးပြုခွင့်ပေးမျာ မဟုတ်ဘူးလို့ဆိုပါတယ်။


Photo: techspot

Google ဟာ WearOS ပလက်ဖောင်းနဲ့အတူ စမတ်လက်ပတ်ဈေးကွက်ထဲ ထိုးဖောက်ဖို့နှစ်ပေါင်းများစွာ ကြိုးစားလာတာ ဖြစ်လို့Fitbit ကို ဝယ်ယူခြင်းဟာ ကုမ္ဗဏီရဲ့ အနာဂါတ် အန်းဒရိုက်စနစ်နဲ့ချိတ်ဆက်နိုင်မယ့် wearable ထုတ်ကုန်တွေတည်ဆောက်ဖို့အားကောင်းတဲ့ အခြေအနေတစ်ရပ် ဖြစ်လာမှာပါ။

Google ဟာ ၂၀၁၄ ခုနှစ်ကတည်းက ကိုယ်ပိုင် စမတ် ခြေရာခံဝန်ဆောင်မှုဖြစ်တဲ့ Google Fit ကို မိတ်ဆက်ထားပေမယ့် အန်းဒရိုက်နဲ့ချိတ်ဆက်နိုင်တဲ့ စမတ်နာရီတွေ ထုတ်လုပ်ဖို့Fossil နဲ့ Tag Heuer တို့လို တစ်ခြားစမတ်နာရီကုမ္ဗဏီတွေကို အားကိုးနေရတာပါ။

ယခုနှစ် ဇန်နဝါရီလထဲမှာ Google ဟာ Fossil ရဲ့ စမတ်နာရီ နည်းပညာကို ဒေါ်လာ သန်း ၄၀ ပေးပြီး ဝယ်ယူမယ်လို့ကြေညာခဲ့ပါတယ်။ Fitbit ကို ဝယ်ယူမှုဟာ လာမယ့်နှစ်မှာ အပြီးသတ်မှာ ဖြစ်ပြီး ကမ္ဘာ့စမတ်နာရီနဲ့စမတ်လက်ပတ်ထုတ်ကုန်စီးပွားရေး တစ်ဝက်နီးပါးကို ကြီးစိုးထားတဲ့ Apple ကို ယှဉ်ပြိုင်ဖို့ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။


က္က