တစ်ပေါင်းတည်းဆိုရင် ဒေါ်လာ ၁.၇ သန်း ဒဏ်ရိုက်ခံရဖို့ ရှိပါတယ်
Nyein Min Wai

Facebook ဟာ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုနဲ့ ဩစတြေးလျအစိုးရရဲ့ တရားရင်ဆိုင်နေရပါတယ်။


Cambridge Analytica ပေါက်ကြားမှုမှာ နိုင်ငံသားပေါင်း ၃၁၁၁၂၇ ဦးရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်များ ပေါက်ကြားခဲ့တာကြောင့် ဩစတြေးလျ အစိုးရဟာ Facebook ကို တရားစွဲတာ ဖြစ်တယ်လို့ Tech Crunch က ဖော်ပြထားပါတယ်။ ၂၀၁၄ မတ်လကနေ ၂၀၁၅ မေလအတွင်း ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ ဩစတြေးလျနိုင်ငံသား ၃ သိန်းကျော်ရဲ့ အချက်အလက်တွေကို This is Your Digital Life ဆိုတဲ့ app ကနေ ရယူစုဆောင်းသွားခဲ့တာပါ။



Photo: Reuters


This is Your Digital Life ကို ရေးဆွဲတဲ့ app Developers တွေဟာ ဒီအချက်အလက်တွေကို နိုင်ငံရေးအရ တိမ်းညွှတ်မှုအနေအထားလိုက်ပြီး အချက်အလက်တွေ အသုံးပြုတဲ့ ဗြိတိန်နိုင်ငံရေးအတိုင်ပင်ခံ လုပ်ငန်း Cambridge Analytica ကို ရောင်းချခဲ့ပါတယ်။ Facebook ဟာ သုံးစွဲသူရဲ့ အချက်အလက်များ ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဩစတြေးလျ သတင်းအချက်အလက် ကော်မရှင်နာရုံးက Facebook ကို ဩစတြေးလျဖက်ဒရယ်တရားရုံးမှာ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဩစတြေးလျ သတင်းအချက်အလက် နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် ကော်မရှင်နာရုံး OAIC ရဲ့ အဆိုအရ This is Your Digital Life app ကို ဩစတြေးလျမှာ ဒေါင်းလုပ်ဆွဲသူ ၅၃ ဦးပဲ ရှိပေမယ့် အချက်အလက် ပေါက်ကြားသူတွေဟာ ဒီ app ကို ကိုယ်တိုင် ဒေါင်းလုပ်မဆွဲဘဲ အချက်အလက်ရယူခံလိုက်တာလို့ ဆိုပါတယ်။

ဩစတြေးလျ ကိုယ်ရေးကိုယ်တာအချက်အလက်များ အက်ဥပဒေအရ ဥပဒေချိုးဖောက်မှုတစ်ခုကို ဒေါ်လာ ၁.၇ သန်းအထိ ဒဏ်တပ်နိုင်ခွင့် ရှိတာပါ။ OAIC က ပြောထားတဲ့ အချက်အလက်ပေါက်ကြားသူ ၃၁၁၁၂၇ ဦးနဲ့ တွက်မယ်ဆိုရင် ဒဏ်ငွေပမာဏဟာ ဒေါ်လာ ၅၂၉ ဘီလျံအထိ ရောက်သွားဖို့ ရှိပါတယ်။

Photo: Tech Crunch

ဩစတြေးလျအစိုးရရဲ့ ၂၀၁၉-၂၀၂၀ စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၅၁၃.၇ ဘီလျံခန့်ပဲ ရှိတာနဲ့ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ တစ်ခုရှိတာက Australian Financial Review နဲ့ တွေ့ဆုံမှုမှာ တရားရုံးအနေနဲ့ အမှုအားလုံးကို အချက်အလက်ပေါက်ကြားမှုတစ်ခုတည်းအဖြစ် တစ်ပေါင်းတည်း စီရင်ဖို့ ရှိတယ်လို့ OAIC က ပြောပါတယ်။

Facebook ဟာ Cambridge Analytica အရှုပ်တော်ပုံအတွက် တစ်ခြားနိုင်ငံ အစိုးရတွေနဲ့လည်း အမှုရင်ဆိုင်နေရပါတယ်။ ၂၀၁၈ မှာ Facebook ဟာ ယူကေအစိုးရကို ပေါင် ၅ သိန်း ဒဏ်ဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်အစိုးရကို ဒေါ်လာ ၅ ဘီလျံ ဒဏ်ကြေးဆောင်ဖို့ သဘောတူထားရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က