၅ နှစ်အတွင်း ဒီဂျစ်တယ် အရည်အချင်းပြည့်မီသူ ၅၀၀၀၀ မွေးထုတ်သွားမှာပါ
Nyein Min Wai

ဒီဂျစ်တယ်ဂေဟစနစ် အား‌ကောင်းစေဖို့နဲ့ ဒေသတွင်း ဒီဂျစ်တယ်အရည်အချင်းမြှင့်တင်ရေးအတွက် Huawei ဟာ မလေးရှားနိုင်ငံမှာ အာဆီယံအကယ်ဒမီတစ်ခု ဖွင့်လှစ်လိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၂၀ ရက်နေ့က မလေးရှားနိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ Huawei အာဆီယံအကယ်ဒမီဟာ အာရှပစိဖိတ်ဒေသမှာ ပထမဆုံး ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ ၅ နှစ်အတွင်း မလေးရှားနိုင်ငံမှ ဒီဂျစ်တယ်စွမ်းရည်မြင့်သူပေါင်း ၅၀၀၀၀ မွေးထုတ်နိုင်ဖို့ ရည်ရွယ်ပြီး စီးပွားရေးနဲ့ နည်းပညာကဏ္ဍတွေမှာ ရင်းဂစ် ၃ သန်း ရင်းနှီးမြှပ်နှံထားတာပါ။ အကယ်ဒမီဟာ အရည်အချင်းမီ ကျွမ်းကျင်သင်တန်းဆရာ ၁၀၀ နဲ့ ICT သင်ရိုး ၃၀၀၀ ကျော် ပေးသွားမယ်လို့ Digital News Asia သတင်းမှာ ဖော်ပြထားပါတယ်။

Photo: Huawei


"ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်မယ့် ICT တိုးတက်မှုမှာ အာရှပစိဖိတ်ဒေသဟာ အဓိကနေရာက အရေးပါပါတယ်။ ဒေသခံ အရည်အချင်းရှိသူတွေအနေနဲ့ အစဉ်ပြောင်းလဲနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း အခင်းအကျင်းကို အမီလိုက်နိုင်မယ့် သင့်တင့်တဲ့ ICT ဗဟုသုတတွေကို ကောင်းကောင်း ပိုင်ဆိုင်ထားတာ သေချာတဲ့ အထိ လေ့ကျင့်ပျိုးထောင်ပေးဖို့ဟာ အရင်ထက် ပိုပြီး အရေးကြီးလာပါတယ်။ " လို့ မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် Multimedia ဝန်ကြီးဌာန ဝန်ကြီး Saifuddin Abdullah က ဆိုပါတယ်။

Huawei အာဆီယံအကယ်ဒမီရဲ့ ICT လေ့ကျင့်သင်ကြားရေး အစီအစဉ်နဲ့ သင်တန်းတွေဟာ အစိုးရဝန်ထမ်းများ ၊ လုပ်ငန်းခွင် ဝင်နေသူများနဲ့ ကျောင်းသား/သူများကို အဓိက ဦးတည်သင်ကြားပေးသွားမှာ ဖြစ်ပြီး နိုင်ငံရဲ့ ICT ဂေဟစနစ်ဖွံ့ဖြိုးရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်သင်ကြားပေးသွားမယ်လို့လည်း သိရပါတယ်။ ဒီအကယ်ဒမီကနေ နိုင်ငံရဲ့ ICT လုပ်ငန်းခွင် လမ်းညွှန်မှု ၊ ICT ဂေဟစနစ်အတွင်း စွမ်းဆောင်ရည်ရှိသူများ အရည်အချင်းမြှင့်တင်မှုနဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေခြင်း စတဲ့ မဏ္ဍိုင် ၃ ရပ်အတွင်း အရည်အချင်းရှိသူလစ်ဟာမှု ပြဿနာတွေကို ဖြေရှင်းပေးသွားမယ်လို့ ဆိုပါတယ်။

၂၀၂၀ မှ ၂၀၂၁ ခုနှစ် ပင်မလေ့ကျင့်ရေး အစီအစဉ်ထဲမှာတော့ 5G နဲ့ ဆိုင်တဲ့ သင်ရိုးတွေ ပါဝင်မှာ ဖြစ်ပြီး သင်တန်းသား ၄၀၀၀ ပါဝင်မယ်လို့ ဆိုပါတယ်။ Cloud နဲ့ AI ပိုင်း စွမ်းရည်ဖွံ့ဖြိုးရေးအတွက် သင်တန်းသား ၁၈၀၀ ၊ HMS Developer အရည်အချင်းဖွံ့ဖြိုးရေးအတွက် သင်တန်းသား ၃၀၀၀ နဲ့ Huawei ICT Academy & Competition အတွက် သင်တန်းသား ၂၇၀၀ တို့ကို လေ့ကျင့်သင်ကြားပေးသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က