အဖွဲ့လိုက်နဲ့Solo နှစ်မျိုး ပြိုင်နိုင်မှာပါ။
Nyein Min Wai

စုစုပေါင်း ဆုကြေး ၃၃ သိန်းအထိ ပေးသွားမယ့် ICT Challenge Yangon ပြိုင်ပွဲကို Yangon ICT Fair 2019 နဲ့အတူ ရန်ကုန်မြို့ဦးဝိစာရလမ်းမှာ ရှိတဲ့ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

Yangon ICT Fair ပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းကျင်းပလိုက်တဲ့ ICT Challenge Yangon (2019) မှာ Dota 2 ကစားနည်းကို အဖွဲ့လိုက် နဲ့တစ်ဦးချင်း ပြိုင်ပွဲများအဖြစ် စီစဉ်ထားတာ ဖြစ်ပြီး ဖိုင်နယ်ပွဲကျင်းပမှုကို Live Streaming နဲ့ပါ တင်ဆက်သွားမယ်လို့ဆိုပါတယ်။

Photo: Duwun Tech

" ခါတိုင်းနဲ့မတူတာက ဒီနှစ်မှာ ကျွန်တော်တို့ICT Challenge ဆိုပြီး eSports ကစားနည်းတစ်ခုပါ ထည့်သွင်းထားပါတယ်။ ကျွန်တော်တို့ဒီ ICT ပွဲနဲ့ဆက်စပ်တဲ့ eSports ကို ပံ့ပိုးကူညီသူတွေလည်း ရှိတော့ ကျင်းပဖြစ်တာပါ။" လို့ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူူတာလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမျိုးမင်းဦးက ပြောပါတယ်။

ICT Challenge Yangon 2019 မှာ ပါဝင်လာမယ့် Dota 2 ပြိုင်ပွဲဟာ အသင်းလိုက်ပြိုင်ပွဲ နဲ့တစ်ဦးချင်း Solo ပြိုင်ပွဲအဖြစ် ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲအတွက် စာရင်းပေးသွင်းမှုကို စက်တင်ဘာ ၁ ရက်နေ့အထိ လက်ခံသွားမယ်လို့ဆိုပါတယ်။ Open Qualifier အဆင့်ကို စက်တင်ဘာ ၂ ရက်နဲ့၃ ရက်တို့မှာ အွန်လိုင်းကနေ ကျင်းပသွားမှာ ဖြစ်ပြီး ဖိုင်နယ်ပွဲစဉ်ကိုတော့ Yangon ICT Fair ပွဲကာလ (စက်တင်ဘာ ၆ ရက်ကနေ ၈ ရက်နေ့) အတွင်း ကျင်းပသွားမှာပါ။

အဖွဲ့လိုက်ယှဉ်ပြိုင်မှုမှာ ပထမဆု ကျပ် ၁၅ သိန်း ၊ ဒုတိယဆု ၇ သိန်းကျပ်နဲ့တတိယဆု ၃ သိန်းကျပ်များ ပေးသွားမှာ ဖြစ်ပြီး တစ်ဦးချင်း Solo မှာ ပထမဆုအဖြစ် 5BB Broadband 15MB အင်တာနက် တစ်နှစ်စာဝန်ဆောင်မှု ၊ ဒုတိယဆု ကျပ် ၁ သိန်း ပေးအပ်သွားမယ်လို့သိရပါတယ်။

ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စာရင်းပေးသွင်းမယ်ဆိုရင်တော့ ICT Challenge Yangon 2019 စာမျက်နှာကနေ ဝင်ရောက် စာရင်းပေးသွင်းနိုင်သလို စည်းကမ်းချက်တွေကိုလည်း တစ်ခါတည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ICT Challenge Yangon 2019 မှာ Dota 2 ပြိုင်ပွဲအပြင် လက်ဆောင်များပေးတဲ့ Giveaway အစီအစဉ်နဲ့KOL များမှ fan sign ထိုးပေးခြင်း အစီအစဉ်များလည်း ပါဝင်မှာပါ။

Photo: ICT Challenge Yangon


Yangon ICT Fair 2019 ဟာ ယခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ကျင်းပသွားမယ့် အိုင်စီတီထုတ်ကုန်ဈေးပွဲတော်တစ်ခု ဖြစ်ပြီး ယခုအကြိမ်မှာ ကုမ္ပဏီ ၄၉ ခုမှ အရောင်းပြခန်းပေါင်း ၁၂၄ ခန်း ခင်းကျင်းပြသသွားမယ်လို့ဆိုပါတယ်။ Yangon ICT Fair 2019 နည်းပညာပြပွဲဟာ ရန်ကုန်တိုင်း ဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင်အသင်းနဲ့ရန်ကုန်တိုင်း ဒေသကြီးကွန်ပျူတာ ပညာရှင်အသင်းတို့မှ ပူးပေါင်းကျင်းပနေတာလည်း ဖြစ်ပါတယ်။


က္က