ထူးခြားတဲ့ အောင်မြင်မှုတစ်ခုပါ

ပထမဆုံးအကြိမ်အဖြစ် ဒရုန်းနဲ့သယ်ယူလာတဲ့ အလှူခံထားတဲ့ ကျောက်ကပ်ကို လူနာတစ်ယောက်မှာ အောင်အောင်မြင်မြင် အစားထိုး လဲလှယ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

         ဘယ်တီမိုးမှ ကျောက်ကပ်ဝေဒနာကို ၈ နှစ်ကြာ ခံစားနေတဲ့ အသက် ၄၄ နှစ်အရွယ်အမျိုးသမီးအတွက် လှူဒါန်းခဲ့တဲ့ ကျောက်ကပ်ကို ဒရုန်းနဲ့ပို့ပေးခဲ့တာ ဖြစ်တယ်လို့CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဒရုန်းဟာ ဘယ်တီမိုးဆေးရုံရဲ့ အင်္ဂါအစားထိုးကုသရေးအဖွဲ့ဆီ ရောင်းအောင် ၅ မိနစ်ကြာ ပျံသန်းခဲ့တာပါ။

Photo: BGR.com



         ကျောက်ကပ်သယ်ဖို့အတွက် ဒီဒရုန်းကို Maryland ပြည်နယ်မှ တက္ကသိုလ် ၊ ဆေးကျောင်းနဲ့ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ လှူဒါန်း အစားထိုးပေးရာမှာ ကူညီတဲ့ Living Legacy Foundation တို့မှ သုတေသီများ ၊ လေကြောင်း အင်ဂျင်နီယာနဲ့ရူပဗေဒပညာရှင်များ ကနေ တီထွင်ထားတာ ဖြစ်ပါတယ်။

         " အကုန်လုံးက အံ့သြစရာပဲ။ အရင့်အရင်နှစ်တွေကဆို ဒါမျိုး တွေးမိမှာ မဟုတ်ပါဘူး" လို့ဒရုန်းနဲ့သယ်လာတဲ့ ကျောက်ကပ်အစားထိုးကုသမှု ခံယူခဲ့တဲ့ အမျိုးသမီးက ပြောပါတယ်။

         ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးလဲလှယ်မှုမှာ အရေးပါဆုံးနဲ့အရှုပ်ထွေးဆုံးအပိုင်းဟာ သယ်ယူပို့ဆောင်ရေးအပိုင်းဖြစ်ပြီး များသောအားဖြင့် နိုင်ငံဖြတ်ကျော်ပြီး ကိုယ်လက်အင်္ဂါတွေ ပို့မယ်ဆိုရင် ကုန်ကျစရိတ်များတဲ့ လေကြောင်းကနေ ပို့ကြတာ များပါတယ်။ လေကြောင်း နောက်ကျမှုဖြစ်စဉ် ကြုံတာမျိုးနဲ့လှူဒါန်းထားတဲ့ ကိုယ်လက်အင်္ဂါတွေ လေယာဉ်ပေါ် ကျန်နေတာမျိုးလည်း ဖြစ်တတ်တာကြောင့် အလှူရှင်တွေ ပေးပို့လှူဒါန်းတဲ့ ကိုယ်လက် အင်္ဂါရဲ့ ၁.၅% ခန့်ဟာ လူနာဆီ မရောက်ကြဘူးလို့လည်း ဆိုပါတယ်။

တစ်ဖက်မှာလည်း လှူဒါန်းထားတဲ့ ကိုယ်လက်အင်္ဂါရဲ့ ၄% ဟာ မျှော်လင့်ထားတာထက် ၁ နာရီ ၂ နာရီ နောက်ကျလေ့ရှိတယ်လို့လည်း အမေရိကန်မှ ကိုယ်လက်အင်္ဂါ မျှဝေရေး စုပေါင်းကွန်ရက်က ဆိုပါတယ်။ ဒီကွန်ရက်ရဲ့ အဆိုအရ ၂၀၁၈ ခုနှစ်အတွင်း ကိုယ်လက်အင်္ဂါ အလှူရှင်ကို စောင့်နေကြသူ ၁၁၄၀၀ နီးပါး ရှိတယ်လို့လည်း ဆိုပါတယ်။

         ဒရုန်းနဲ့ကိုယ်လက်အင်္ဂါပေးပို့မှုဟာ ပိုမိုလွယ်ကူပေမယ့် ခရီးမိုင် ပိုသွားနိုင်ဖို့ကြိုးပမ်းရဦးမှာပါ။ "နောက်တစ်ခါ ဆိုရင် မိုင် ၃၀ ကျော်လည်း ဖြစ်နိုင်သလို မိုင် ၁၀၀ လည်း ဖြစ်နိုင်ပါတယ်။ အကွာအဝေးက အဲ့လောက် မဟုတ်တော့ဘူး။ အရေးကြီးတာက လက်ရှိ ကိုယ်လက်အင်္ဂါအစားထိုး လဲမှုနဲ့အဲဒီ ကိုယ်လက် အင်္ဂါတွေ ပို့ဆောင်မှုမှာ ဒရုန်းနည်းပညာကို အသုံးချနိုင်ဖို့ပါပဲ" လို့ဒီဒရုန်းကို တီထွင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဒါရဲလ်ပိုင်းစ်က ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က